အစိုးရတပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းဗီဒီယို ဖြန့်ချိ

အစိုးရတပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းဗီဒီယို ဖြန့်ချိ
by -
မဇ္ဈိမ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒုက္ခသည်များ ကြံုတွေ့ရသည်များကို ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် ဇာတ်လမ်းတိုကို ထိုင်းအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး KWAT က ဖြန့်ချိလိုက်သည်။

အဆိုပါ မှတ်တမ်းဗီဒီယိုတွင် စစ်ပြေးဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အခြေအနေ ဖြစ်ရပ်မှန်များကို မှတ်တမ်းတင်ထားပြီး ခြောက် မိနစ်ခွဲကျော် ကြာမြင့်ကာ မြန်မာစစ်တပ်၏ ‘မဆုံးနိုင်သေးသော ဥပဒေအရ ကင်းလွတ်ခွင့်’ ဟု အမည်ပေးထားသည့် ဗီဒီယို မှတ်တမ်း ဇတ်လမ်းတိုကို KWAT ၏ အင်တာနက် စာမျက်နှာတွင် တနင်္လာနေ့က စတင်ဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“အဓိကတော့ ပြည်တွင်းမှာ တိုက်ပွဲကြောင့် ရွာသားတွေ ကြံုတွေ့တာတွေကို လူတွေ အားလုံး သိမြင်ဖို့၊ သူတို့ ကြံုတွေ့ရတဲ့ ဒုက္ခတွေကို သက်သေအထောက် ပြန်ပြနိုင်ဖို့၊ မြန်မာအစိုးရကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သိမြင်နိုင်ဖို့ မျှော်လင့်ပြီး တင်ပြထားတာပါ”ဟု KWAT က မှ တာဝန်ခံ ဒေါ်မွန်းနေလီက ပြောသည်။

အဆိုပါ ဇာတ်ကားတွင် အစိုးစစ်တပ်မှ အခြေခံ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကချင်ဒုက္ခသည်များနှင့် တွေ့ဆုံ၍ မေးမြန်းထားခြင်း၊ မီးရှုံ့ခံရသည့် ကျေးရွာ သားများ ထွက်ပြေးလွှတ်မြောက်လာသည့် အခြေအနေများကို မေးမြန်းထားမှုများ ပါဝင်သည်။

ထိုမှတ်တမ်းကို အင်္ဂလိပ်ဘာသာဖြင့် Ongoing Impunity continued Burma army atrocities against Kachin people ဟု  အမည်ပေးထားပြီး ကချင် ဘာသာဖြင့် ပြောဆိုကာ အင်္ဂလိပ်ဘာသာဖြင့် စာတမ်းထိုး၍ တင်ဆက် ထားသည်။

အစိုးရမှ ကျေးရွာများအပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ထွက်ပြေး တိမ်းရှောင်လာသည့် အခက်အခဲ အဖြစ်အပျက်များကို မေးမြန်းထားပြီး ရေအိုင်ထဲ ကျပေါက်ကွဲသည့် ဗုံးဆန်ထိမှန်၍ ကလေးငယ်တဦး သေဆုံး သွားသည့် အဖြစ်မှန်ကို မျက်မြင်အဘွားအား မေးမြန်းထားမှုများ ပါဝင်သည်။

ထို့ပြင် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ညက မန်စီမြို့နယ်အတွင်းရှိ အသက် ၂၄ နှစ်အရွယ် ကချင်အမျိုးသမီး ဆမ်ခရာဂျီးတောင်အား အစိုးရတပ်မှ သတ်ဖြတ်ခံမှု အသေးစိတ်ကို သူ့၏ အမျိုးသား ဦးလဖိုင်ဇာ်ဘောက် အားမေးမြန်းထားသည်။

“ကျနော့် မိန်းမကို ဝမ်းဗိုက်မှာ ထိုး၊ ခုန ကျနော်တို့ သားအဖတွေ အိပ်နေတဲ့ အိပ်ယာမှာ ထိုးပြီးတော့ အလောင်းကို ဖျောက်တဲ့ပုံစံ။ ကျောက်တုံးကြားမှာ ညှပ်ပေးထားတယ်။ နားကပ်က တဘက်က ဖြုတ်ယူထား တယ်။ တဖက်က ရှိနေတယ်။ သူတို့ ဒါးနဲ့ ထိုးတာက ဘယ်ဘက်နံရိုးသုံးမှာ ထိုးလိုက်တာ ညာဘက်နံရိုးလေး မှာ ဖောက်သွားတယ်” ဟု ပြန်ပြောင်းပြောပြချက်များ ပါရှိသည်။

၎င်းဗီဒီယိုဇတ်ကားတိုကို သမ္မတ ဦးသိန်းစိန် အပါအဝင် နိုင်ငံတကာ သံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ များထံသို့ ပို့မည် ဖြစ်ကြောင်း ဒေါ်မွန်းနေလီက ပြောသည်။

KIO နှင့် အစိုးရတို့ ၁၇ နှစ်ကြာ အပစ်ရပ်ရေး သဘောတူညီမှုကို ယမန်နှစ် ဇွန်လအတွင်း ပျက်ခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ဒုက္ခသည်ပေါင်း ရ၉,ဝဝဝ ကျော်ရှိနေပြီ ဖြစ်ကြောင်း KIO က ပြောသည်။

Most read this week