မြန်မာသမ္မတ ဦးသိန်းစိန်သည် ဇွန်လ အတွင်းက သူ၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီးနောက် လာမည့် တနင်္ဂနွေနေ့တွင် သုံးရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ်ကို စတင်မည် ဖြစ်သည်။
ထိုစဉ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ မကြာသေးခင်က မှတ်ချက်များကို သောကြာနေ့ထုတ် ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းဖြင့် မြန်မာသမ္မတ ခရီးစဉ်အား ကြိုဆိုလိုက်သည်။
မူလက ဇွန်လ ၄ ရက်နေ့တွင် ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ် စတင်ရန် သတ်မှတ်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့အာရှ ကမ္ဘာ့စီးပွါးရေးဖိုရမ် တွင်လည်း မိန့်ခွန်းပြောရန် စီစဉ်ခဲ့သေး သည်။ သို့ရာတွင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလာရောက်ရန်နှင့် ထိုကွန်ဖရင့်တွင် မိန့်ခွန်းပြောကြားရန် အားတက်သရော ဖိတ်ကြားခဲ့ကြပြီးသည့် နောက်တွင်မူ သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြ ပြီး သမ္မတ ဦးသိန်းစိန်အနေဖြင့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါအောက်တွင် လွှမ်းမိုးခံရမည်ကို မလိုလားသဖြင့် ခရီးစဉ် ဖျက်သိမ်းလိုက် ကြခြင်း ဖြစ်ကြောင်း ထင်ကြေးများလည်း ထွက်ပေါ်ခဲ့သည်။
မြန်မာအစိုးရကမူ နိုင်ငံအတွင်းတွင် ထမ်းဆောင်ရန် တာဝန်များ ရှိနေခြင်းကြောင့် ခရီးစဉ်ကိုဖျက်သိမ်း ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။ နောက်ပိုင်းတွင်လည်း နောက်ထပ် ခရီးစဉ် တခုကို ဖျက်သိမ်းခဲ့ပြန်သည်။
သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကာ ခေါင်းဆောင် နှစ်ဦးသည် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ နေရာကို မြန်မာနိုင်ငံကလက်ခံဆောင် ရွက်မည် ဖြစ်သည့် အတွက် ကြိုတင် ပြင်ဆင်ရေးများ အပါအဝင် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးပွဲသို့လည်း တက်ရောက် ကြမည်ဖြစ်သည်ဟု ထိုင်းအရာရှိများက အစောပိုင်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အရာရှိတဦးသို့ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် မကြာသေးခင်ကပြောကြားခဲ့ သည့် မှတ်ချက်ကို ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က သောကြာနေ့တွင်ပြင်းပြင်း ထန်ထန် စိန်ခေါ် ထားခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ မှတ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ သိန်းနှင့်ချီသည့် ရိုဟင်ဂျာများအား ကုလသမဂ္ဂက လက်ခံရန် အကြံပေးခြင်း ဖြစ်သည်။ ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွါးကာ လူပေါင်း ရဝ ကျော် အသက် ဆုံးရှုံးခဲ့ရသည့် အပြင် အိုးအိမ်များနှင့် ပိုင်ဆိုင်မှှုများ များစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး နောက်တွင် သမ္မတက ကုလသမဂ္ဂ အရာရှိအား အကြံပေးခဲ့ခြင်း ဖြစ်သည်။
ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်တွင် “မြန်မာနိုင်ငံနဲ့ သူတို့အစိုးရဟာ ၄၈ နှစ်လုံးလုံး ရက်စက် ကြမ်းတမ်းလှတဲ့ စစ်အာဏာရှင်စနစ် အပြီးမှာ ပြန်လည် အမီလိုက်ဖို့အတွက် သွားစရာခရီးတွေ အများကြီး ရှိနေသေးပါတယ်။ မကြာခင် က မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေဟာ အပြင်ပန်း စည်းလုံးညီညွတ်မှှု မျက်နှာစာကြီး ကို ပြိုကျစေခဲ့ပါတယ်” ဟု ဆိုထားသည်။
“သမ္မတ ဦးသိန်းစိန်ရဲ့ မှတ်ချက်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အစိုးရ တရပ်ဆီက ကြားရတဲ့ ခုတလောအတွင်း စိတ်ပျက်စရာ အကောင်းဆုံး မှတ်ချက်ပါပဲ” ဟု အယ်ဒီတာ့ အာဘော်က ဆိုသည်။
ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်က ဆက်လက်၍ ဆိုထားသည်မှာ “သူ [သမ္မတ ဦးသိန်းစိန်] က ကုလသမဂ္ဂကို လွန်ခဲ့တဲ့ အပါတ်က ပြောခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ တသန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက လက်ခံ ကြိုဆိုမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ သူတို့ကို ဒုက္ခသည် စခန်းတွေမှာ နေရာချထားဖို့နဲ့ ပိုကောင်းတာကတော့ မြန်မာနို်င်ငံကနေ နှင်ထုတ်ဖို့ပါပဲလို့ ဆိုခဲ့ပါတယ်။ သူတို့ဟာ လူမျိုးအရလည်း အများစု ဗမာတွေနဲ့ ခြားနားနေပြီး ဘာသာရေးအရလည်း မူစလင်တွေ ဖြစ်ကြတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။ တခုတည်းသော အဖြေကတော့ သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို လွှဲပြောင်းပေးဖို့ ဒါမှမဟုတ် သူတို့ကို လက်ခံချင်တဲ့ တတိယ နိုင်ငံတွေမှာ သူတို့ကို အခြေချစေဖို့ပါပဲ လို့ သူက ဆိုပါတယ်” ဟု ရေးသားထားသည်။
ဘန်ကောက်ပို့စ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန်၏ အမြင်အား ထိုင်းအစိုးရက စောဒက တက်ပါရန် တိုက်တွန်း ထားသည်။
“ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှှုနဲ့တကွ ပြဿနာတွေကို ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ဆွေးနွေးသင့်ပါတယ်။ ထိုင်းနိုင်ငံ နဲ့ တခြားအိမ်နီးချင်း နို်င်ငံတွေဟာ ဒီလူတွေရဲ့ အတိဒုက္ခတွေကို သေသေချာချာ သတိထားမိပါ တယ်” ဟု သတင်းစာက ဆိုသည်။
“မြန်မာ သမ္မတရဲ့ အံ့သြထိတ်လန့်စရာ ကောင်းတဲ့ မှတ်ချက်ကို မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့သေနတ်အောက် မှာ တကယ့်ကမ္ဘာနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ် အထီးကျန်နေခဲ့ရတဲ့အတွက် ခုလို ပြောမိတာလို့ဆင်ခြေ ပေးလို့တော့ ရနိုင်ပါတယ်” ဟု ဘန်ကောက်ပို့စ်က ရေးသားထားသည်။
သမ္မတ ဦးသိန်းစိန် အနေဖြင့် သူပြောခဲ့သည့် စကားအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့လျှင် လည်း လက်ခံနိုင်စရာမရှိဟု အယ်ဒီတာ့ အာဘော်က ဆိုထားသေးသည်။
“မြန်မာနိုင်ငံဟာ ရှည်လျားပြီး အမှောင်ဖုံးလွှမ်းနေတဲ့ အကြမ်းဖက်မှှု သမိုင်းကြောင်းကနေရုန်းကန်ပေါ် ထွက်လာနေ တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅ဝ က စံနှှုန်းတွေနဲ့ အလွန် ကွဲပြားခြားနားတဲ့ စံနှှုန်းတွေနဲ့ ကမ္ဘာသစ်ထဲကို ဝင်ရောက်နေ တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ မှတ်ချက်တွေကတော့ လူမျိုးရေးခွဲခြားမှှု၊ မလိုမုန်းထားမှှု၊ ခြိမ်းခြောက်မှှု ဆန်နေပါတယ်။ သူတို့ကို စောဒကတက် ဝေဖန်မှှုတွေ ရှိသင့်ပါတယ်” ဟု ထိုင်းနိုင်ငံထုတ်ဘန်ကောက်ပို့စ်သတင်းစာ အယ်ဒီတာ့အာ ဘော်က ရေးသားထားသည်။