မတရားအသင်း အက်ဥပဒေ ပယ်ဖျက်ရေး ဆက်လက် ဆွေးနွေးမည်

မတရားအသင်း အက်ဥပဒေ ပယ်ဖျက်ရေး ဆက်လက် ဆွေးနွေးမည်
by -
မဇ္စျိမ

မတရားအသင်းများ အက်ဥပဒေအား ပယ်ဖျက်ရန် အဆိုကို သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့ရာ ဆက်လက် ဆွေးနွေးရန် လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက အတည်ပြုခဲ့သည်ဟု လွှတ်တော်အမတ်များက ပြောသည်။

မတရားအသင်း အက်ဥပဒေဖြင့် ပြစ်မဲ့ ပြည်သူများ ထောင်ချခံနေရသဖြင့် အဆိုပါ ဥပဒေအား ရုပ်သိမ်းရန် တင်သွင်း ခဲ့မှုကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ယင်းအဆိုကို ရုပ်သိမ်းရန် ပြောဆိုခဲ့သော် လည်း လွှတ်တော်ဥက္ကဋ္ဌက ဆက်လက် ဆွေးနွေးရန် ဇူလိုင်လ ၁၇ ရက်နေ့ အင်္ဂါနေ့က သဘောတူခဲ့ခြင်း ဖြစ်သည်။

“အပြစ်မဲ့တဲ့ ပြည်သူ တောသူတောင်သားတွေ ထိခိုက်တယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့အခါမှာ ဒီဥပဒေက အဟန့်အတား ဖြစ်စေတယ် ဆိုတဲ့အကြောင်း၊ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေကို ဂျာနယ်တွေမှာ ဖော်ပြ ပါရှိတဲ့ ရရှိတဲ့ အချက်အလက်တွေကို အထောက်အထားပြပြီးတော့ ပြောထားတယ်” ဟု ဦးသိန်းညွန့် က ပြောသည်။

ငြိမ်းချမ်းရေးဖော်ဆောင်သည့် နေရာတွင် အထောက်အကူပြုရန်၊ တိုင်းရင်းသား ဒေသများမှ ပြည်သူလူထုများ ဒုက္ခ မရောက်ရန် အဆိုပါ ဥပဒေအား ရုပ်သိမ်းရန် တင်ပြခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ဒီဥပဒေက ကိုလိုနီခေတ်က ပြည်သူ့ဆန္ဒမပါဘဲ လွှတ်တော်က ရေးဆွဲတဲ့ ဥပဒေ မဟုတ်ဘူး။ ကျနော်တို့ တိုင်းပြည်ကို ကျွန်ပြုခဲ့တဲ့ ဗြိတိသျှကိုလိုနီ နယ်ချဲ့သမားတွေက အမျိုးသားရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ အသင်းအဖွဲ့တွေကို နှိမ်နှင်းဖို့ ပြုခဲ့တဲ့ ဥပဒေဖြစ်တယ်။ ပြည်တွင်းစစ်ကာလမှာတောင် ဒီဥပဒေကို နိုင်ငံရေးအရ သုံးပေမယ့် ချင့်ချင့်ချိန်ချိန် သုံးခဲ့တယ်” ဟု မဇ္စျိမကို ပြောသည်။

၁၉ဝ၈ ခုနှစ် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ယခုခေတ်နှင် ့ မဆီလျှော်တော့ဘဲ ငြိမ်းချမ်ရေးဆွေးနွေးမှု တွင် အထောက်အကူမပြုနိုင်တော့သဖြင့် ရုပ်သိမ်းသင့်သည်ဟု အဆို တင်သွားခဲ့သည်ဟု ပြောသည်။

၁၉၉၁ ခုနှစ် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့တချို့ ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ထိုးသည့် အချိန်တွင် အဆိုပါ မတရားအသင်းများအား တရားဝင်အသင်းအဖြစ် ပြောင်းလဲခဲ့သည်ဟု အဆိုတင်သွင်းခဲ့သည်ဟု ဆိုသည်။

၎င်းအဆိုကို အင်းပါတီမှ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းရွှေက ထောက်ခံခဲ့ပြီး ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက အဆိုပါ ဥပဒေသည် ဆက်လက် ဆွေးနွေးသင့်ကြောင်း တင်ပြခဲ့သည်ဟု သိရသည်။

၎င်းဥပဒေအား ဆက်လက် ဆွေးနွေးလိုသူများ စာရင်းပေးရန် ဖိတ်ခေါ်ထားပြီး မည်သည့်နေ့ ဆွေးနွေးမှုကို လွှတ်တော် ဥက္ကဋ္ဌက ပြန်လည် သတ်မှတ်၍ ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

အစိုးရအာဏာပိုင်များက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ဝန်ထမ်းများနှင့် အဖွဲ့အစည်းမှ မဟုတ်သော်လည်း ထိုလက်နက်ကိုင် အဖွဲ့အစည်း ဆက်သွယ်သူများ၊ အစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ခံထားရသော အဖွဲ့ အစည်းများနှင့် ဆက်သွယ်သူများအား အဆိုပါ မတရား အသင်းဆက်သွယ်မှု ၁၇(၁)နှင့် ၁၇(၂)တို့ဖြင့် ထောင်ဒဏ် ချမှတ်လေ့ ရှိသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အဆိုပြုချက် အပေါ် ဝမ်းသာကြောင်းနှင့် အဆိုပါ ဥပဒေအား ရုပ်သိမ်းသင့်သလို၊ အဆိုပါဥပဒေအား မဲခွဲဆုံးဖြတ်မည်ဆိုပါက ကန့်ကွက်မည်ဖြစ်ကြောင်း အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။

“အစိုးရအဖွဲ့က ဘယ်လိုမြင်မြင် မတရားအသင်းနဲ့ဖမ်းတဲ့ ကိစ္စက ပယ်ဖျက်သင့်တယ်။ ဒီဟာက လက်ရှိ ကေအိုင်အေနဲ့ အဆင်ပြေဖို့ အနှောက်အယှက်ဖြစ်တယ်။ ကျမ တင်ထားတဲ့ စာမှာလည်း ပြောထားတယ်။ လုံးဝ ပယ်ဖျက်ပေးဖို့။ ဆွေးနွေးမယ်ဆိုရင် ဒါ ရုတ်သိမ်းပေးလို့ ပြောထားတယ်။ ခုသူများပါတီတွေ တင်လာပြီဆိုတော့ ကျမ ဝမ်းသာတယ်။ ဒီကိစ္စက ကိုယ့်ဆီမှာဘဲ ရှိတာကိုး၊ ကိုယ်က ဆွေးနွေးဖို့ စောင့်နေတာ” ဟု မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် မေလဆန်းက ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်သည်ဟုဆိုပြီး ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးခံရသူ အမှုပေါင်း ၂၉ မှုရှိပြီး ရမန်ယူထားသည့် အမှုပေါင်း ၂ဝ ကျော်၊ အမှုစုစုပေါင်း ၅ဝ ခန့်၏ စားရင်းနှင့် ယင်းတို့အား လွှတ်ပေးရန်  ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းအား လိပ်မူ၍ ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီးဌာန၊ နေပြည်တော် တရားလွတ်တော်ရုံး၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ကချင်ပြည်နယ် တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် ပြည်သူ့ရဲမင်းကြီး စသည့် ဌာနဆိုင်ရာများသို့ မိတ္တူစာ တင်ပြထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ကချင်ပြည်နယ် တရားသူကြီးချုပ်၊ ဥပဒေချုပ် အပါအဝင် ဌာနဆိုင်ရာများသို့ လက်ရှိ ဖမ်းဆီးခံရသူများအား အမှုမပေါ်ပေါက်ပါက လွတ်ပေးရန် စာ လက်ခံရရှိထားသည်ဟု သိရသော်လည်း ယခုချိန်ထိ ပြန်လည် လွတ်ပေးခြင်း မရှိသေးဘဲ ဆက်လက် ဖမ်းဆီးမှုများ ရှိနေသည်ဟု ဒေါ်ဒွဲဘူက ပြောသည်။

မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်ထိ ကျခံနိုင်ပြီး ပုဒ်မ ၁၇(၂)သည် ၂ဝ နှစ်မှ တသက်တကျွန်းထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်သည်။

အလားတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အရေးပေါ် စီမံချက်အက်ဥပဒေ ၅(ည)နှင့် ၅(င) ဥပဒေ များ ပယ်ဖျက်ရန် ဆက်လက် တင်သွင်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးက အဆိုပါ ဥပဒေအား ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့သည်ဟု ဆိုသည်။

၁၉၅ဝ ခုနှစ်ပြည့်နှစ် အရေးပေါ်စီမံမှု ဥပဒေ ပြန်လည် ရုပ်သိမ်းရန်အတွက် တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်နေပြီး တရားမဝင် အသင်းအဖွဲ့ ဥပဒေ ရုပ်သိမ်းရေးသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် သက်ဆိုင်နေသဖြင့် အဆိုပါ ဥပဒေများ ကို ပယ်ဖျက်သင့်ကြောင်း တင်သွင်းခဲ့သည်ဟု ဦးသိန်းညွန့်က ပြောသည်။

အဆိုပါ အရေးပေါ်စီမံချက်ဥပဒေအား ရုပ်သိမ်းရေး အဆိုကို ဒုတိယအကြိမ် ပုံမှန်လွတ်တော်အစည်းအဝေး တွင် တင်သွင်းခဲ့သော်လည်း သူ အပါအဝင် ၈ မဲသာ ရရှိခဲ့သဖြင့် ပယ်ချခံခဲ့ရဖူးသည်။

ယခု စတုတ္တအကြိမ် ပုံမှန်လွှတ်တော် အစည်းအဝေးတွင် ထပ်မံ တင်သွင်းခဲ့ရာ ပြန်လည် ဆွေးနွေးခွင့်ရသဖြင့် လွှတ်တော်စည်းဝေးသည် ယခင်ထက် ပိုမို ခိုင်မာလာသည်ဟု သူက ပြောသည်။

“လွှတ်တော်အဆောက်အအုံဟာ အရင်ထက်စာရင် ပိုပြီးခိုင်မာလာတယ်။ ပိုပြီးတော့ စကားအခြေအတင် debate သဘော ဆောင်လာပြီ။ အရင်တုန်းကဆိုရင် ပြန်ပြီး ဆွေးနွေးခွင့် မရဘဲနဲ့ အပယ်ခံရတဲ့ဟာတွေပါ” ဟု ဦးသိန်းညွန့်က ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပေါင်းရေးနေချိန်တွင် အဆိုပါ မတရားအသင်း ဥပဒေနှင့် အရေးပေါ်စီမံချက် ဥပဒေများသည် မရှိသင့်တော့ကြောင်းနှင့် အမျိုးသား ပြန်လည်သင့်မျက်ရေးတွက် အနှောက်အယှက် ဖြစ်နိုင်သဖြင့် မရှိသင့်တော့ကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ)မှ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

“ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံမှာ ရှိကို မရှိသင့်တော့တဲ့ ကိစ္စပါ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီအမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်မယ်ဆိုရင် ဒီဥပေဒတွေက အများကြီး အနှောက်အယှက် ဖြစ်နေတယ်လို့ ယူဆတယ်။ ဒါက သူတို့ အဆင်မပြေရင် မပြေသလို၊ မျက်မုန်းကျိုးရင် ကျိုးသလို၊ လူတယောက်ကို ဖမ်းဆီးထောင်ချနိုင်တဲ့ ပုဒ်မမျိုးတွေ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာ မလိုလားအပ်တော့ဘူး” ဟု မဇ္စျိမကို ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့နှင့် အပစ်အခတ် ရပ်ဆိုင်း ထားသော်လည်း ထိုအဖွဲ့များအား မတရားအသင်း ကြေညာထားမှုကို ဖျက်သိမ်းပေးခြင်း မရှိသေးပေ။ မြန်မာနိုင်ငံရှေ့နေများကောင်စီ BLC ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF စသည့် အဖွဲ့အစည်းများကိုလည်း အစိုးရက မတရား အသင်းအဖြစ် ကြေညာထားသည်။

ယခင်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သော အဖွဲ့ ၁၇ ဖွဲ့အား တရားဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သော်လည်း KIO နှင့်မူ တိုက်ပွဲဖြစ်ပွားနေသော်လည်း ယခုထိ မတရားအသင်း ကြေညာခြင်း မရှိပေ။

Most read this week