ယခုလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်နှင့် ကွတ်ခိုင်မြို့နယ်များအတွင်း KIA နှင့် အစိုးရ တပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဘက်အကျအဆုံး ရှိကြောင်းစုံစမ်းသိရသည်။
ဂျူလိုင် ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က မူစယ်မြို့နယ် ဟိုဖြတ်ကျေးရွာအုပ်စု ဒင်ဂိုကျေးရွာတွင် KIA ပြောက်ကျားနှင့် အစိုးရတပ် ခလရ ၂၃ တို့ နှစ်ဘက် ရင်ဆိုင်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ၄ ဦးသေဆုံး၍ KIA ဘက်မှ ၂ ဦး သေဆုံး ကြောင်း အဆိုပါ ဒေသခံကျေးရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“KIAကအစည်းအဝေး လုပ်တယ်ဆိုတော့ အစိုးရတပ်က လိုက်လာတာပေါ့နော် လိုက်လာပြီးတော့ ချတာ အဲလိုမျိုးပေါ့ အစည်းအဝေးပြီးပြီဆိုတော့ KIA က ပြန်ထွက်တာလေ အစိုးရစစ်တပ်က ၀င်လာတဲ့အချိန်မှာ တိုက်ပွဲဖြစ်တာပေါ့ အစိုး ရ တပ်က ၄ ယောက်ကျတယ် ကချင်က ၂ ယောက်ကျတယ် ”ဟု သူက ဆိုသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်ကလည်း မူစယ်ခရိုင် မုံးကိုးမြို့နယ်အတွင်း KIAနှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွား ခဲ့ရာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသော်လည်း တိုက်ပွဲအခြေအနေ အသေးစိတ် ကို မသိရှိပေ။
အလားတူ ကချင်ပြည်နယ်အတွင်း၌လည်း KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဆက်ဖြစ်ပွားနေပြီး ဂျူလိုင်လ အတွင်း KIA ထိန်းချုပ် နယ်မြေသို့ ဒုက္ခသည်များ ထပ်မံရောက်ရှိလာရာ KIA နယ်မြေအတွင်း မူလ ဒုက္ခသည် ဦးရေ ၅၂,၀၀၀ ကျော်ရှိ ရာမှ ယခု ၅၃,၀၀၀ ကျော်အထိ တိုးပွားလာကြောင်း သိရသည်။