တရုတ်အာဏာပိုင်များ နောင်တောင်း ကချင် ဒုက္ခသည်များ ကို ဆက်လက် နေထိုင်ခွင့်ပြု

တရုတ်အာဏာပိုင်များ နောင်တောင်း ကချင် ဒုက္ခသည်များ ကို ဆက်လက် နေထိုင်ခွင့်ပြု
by -
ကချင်သတင်းဌာန

တရုတ်-မြန်မာနယ်စပ် ဗန်းမော်ခရိုင် မန်ဝိန််းမြို့ တရုတ်ဖက်ခြမ်းရှိ နောင်တောင်း ကချင်စစ်ပြေးဒုက္ခသည် စခန်း ၂ ခုကို တရုတ်အုပ်ချုပ်ရေးအာဏာပိုင်များက နေရပ်ပြန်ကြရန်် ညွှန်ကြားထားရာမှ တဖန် တရားဝင် ပြန်လည်နေထိုင်ခွင့်ပြုလိုက်ပြီဖြစ်သည်။

တရုတ်နယ်စပ် ကေအိုင်အို လိုင်ဇာဒုက္ခသည်စခန်း။
ဇူလိုင် ၁၁ ရက်နေ့တွင် ရွှေလီမြို့မှ တရုတ်အုပ်ချုပ်မှုပိုင်းဆိုင်ရာအကြီးအကဲများ ပြန်လည်ရောက်ရှိလာပြီး ပြန်လည်နေထိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း နောင်တောင်း ဒုက္ခသည်ကူညီရေး ကော်မတီဝင်များပြောသည်။

သို့သော် တရုတ်အုပ်ချုပ်ပိုင်းဆိုင်ရာများသည် ကျန်းမာရေး၊ သန့်ရှင်းရေးနှင့် ၎င်းတို့ချမှတ်ထားသော တရားနှင့် အညီ လိုက်နာကာ နေထိုင်ရန်ပြောဆိုထားကြောင်း ဒုက္ခသည်ကော်မတီဝင် ဆရာမနန်ဘောက် ပြောသည်။

“သူတို့က ကောင်းကောင်းနေပါ ကျန်းမာရေး၊ သန့်ရှင်းရေးကို ကြိုးစားလိုက်နာပါ။ ပြီးတော့ သူတို့ချမှတ်ထားတဲ့ စည်းကမ်း အတိုင်းလိုက်နာဖို့ ပြောထားပြီးပြန်သွားတယ်။ သူတို့ချမှတ်ထားတာက မူးယစ်ဆေးဝါတွေ မသောက်သုံးဖို့ မရောင်းဖို့၊ ကျန်းမာရေး လိုက်နာဖို့၊ သန့်ရှင်းရေးတွေလည်း ကောင်းကောင်းလုပ်ဖို့၊ ဆိုင်ကယ်တွေကိုလည်း အစ်ဇောဖောက်ပြီး မစီးဖို့ ဒါတွေဖြစ်တယ်” ဟု ပြောသည်။

ဇူလိုင် ၁၁ ရက်နေ့တွင် ရွှေလီမြို့နယ် ရဲတပ်ဖွဲ့မှ အကြီးဆုံး၊ ကျန်းမာရေး ဆေးရုံဘက်မှ အကြီးဆုံး၊ နောင်တောင်းမြို့နယ်မှ အုပ်ချုပ်ပိုင်းဆိုင်ရာများနှင့် ဌာနပေါင်းစုံများမှ ပုဂ္ဂုလ်ကြီးများ တရုတ်မီဒီယာအဖွဲ့များ ၁၀ ဦးကျော်တို့သည် ကား ၁၃ စီးခန့်ဖြင့်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ပြန်လည် နေထိုင်ခွင့်ပြုခြင်းသည်လည်း တရုတ်အစိုးရထံ KIO ခေါင်းဆောင်ပိုင်းများမှ ဆွေးနွေးတိုင်ပင် ပြီး ယခုလိုပြန်လည် နေထိုင်ခွင့်ပြုခြင်းဖြစ်သည်ဟု ဒုက္ခသည်ကူညီရေးကော်မတီဝင်များပြောသည်။

ထိုသို့နေရပ်ပြန်ရန်အမိန့်ပေးခဲ့ခြင်းသည် ကျန်းမားရေး၊ သန့်ရှင်းရေးများနှင့် ၎င်းတို့ချမှတ်ထားသော စည်းကမ်းများအား ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအချို့မှ ချိုးဖောက်မှုများရှိသောကြောင့် ဖြစ်သည်ဟု နောင်တောင်း ဒုက္ခသည်ကူညီရေး ကော်မတီဝင် ဆရာခွန်ထွန်းပြောသည်။

၎င်းတို့မှ ဒုက္ခသည်များ၏ ထမင်းအိုး ဟင်းအိုးများကို လိုက်လံဖွင့်ကြည့်ကာ “အို..နင်တို့ အာဟာရအရမ်း လိုနေတယ်..အသားမစားရ ဘူးလားဆိုပြီးမေးတယ်။ ကျနော်တို့လည်း မစားရပါဘူး ပြောတော့ အာဟာရအရမ်းလိုနေတယ်။ အဲဒါလိုတာတွေကို ဒီနောင်တောင်းမြို့မှ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ကြည့်ပြီး ပူးပေါင်းလုပ်ပါဆိုပြီးပြောထားတယ်” ဟု ဒုက္ခသည်ကော်မတီဝင် ဆရာ ခွန်ထွန်းပြောသည်။

နောင်တောင်းရှိ ဒုက္ခသည်စခန်းအချို့တွင် ယခုလပိုင်းအတွင်း အသဲရောင် အသားဝါရောဂါများဖြစ်ပွားမှု များလာခြင်းသည် မသန့်စင်သောသောက်သုံးရေကြောင့်ဖြစ်ကြောင်း ဒုက္ခသည်ကူညီရေးကော်မတီဝင် ဆရာမနန်ဘောက် KNG ကချင်သတင်းဌာနသို့ပြောသည်။

“အခုတလော စခန်းတစ်ချို့မှာ အသဲရောင်အသားဝါရောဂါ ဖြစ်တာတွေရှိတယ်။ အသက်ကြီး တာလည်း မကြီးတာလည်း ကလေးတွေလည်းဖြစ်တယ်။ စခန်းတစ်ခုမှ ၄-၅ ယောက်ဖြစ်တာလေ။ အဲဒါ ဆေးခန်းသွား တော့ ရေကြောင့်ဖြစ်တာ လို့ပြောတယ်။ အဲဒါကြောင့် ရေသိပ်မကောင်းဘူးဆိုတဲ့ သဘောပေါ့” ဟု ပြောသည်။

တရုတ်အုပ်ချုပ်ပိုင်းဆိုင်ရာများက ဇူလိုင် ၆- ၈ ရက်နေ့များတွင် နောင်တောင်း (Nongdao) ရှိဒုက္ခသည်စခန်း ၂ခုဖြစ်သော ယန်လု (Yang Lu)နှင့် လော့ဖိုင် (Law Hpai) စခန်းတွင် တရုတ်အုပ်ချုပ် ရေးအရာရှိများနှင့် စစ်သားများ ၃၀ ခန့် လာရောက်ပြီး မိမိနေရပ် (သို့) စခန်းပြောင်းရွှေ့ပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းစခန်းများတွင် ယခုစာရင်းရှိ အိမ်ထောင်စု ၉၇၉ စု ဖြစ်ပြီး ကျား - ၂၀၆၇ ဦး၊ မ -၂၄၃၂ ဦး၊ လူဦးရေပေါင်း ၄၄၉၉ ဦးရှိပြီး ၎င်းတို့၏ စားဝတ်နေရေးအတွက် တရုတ်နိုင်ငံမှ နှစ်ခြင်းခရစ်ယာန်အဖွဲ့များ၊ မြစ်ကြီးနားမှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)များနှင့် ဂရုဏာအဖွဲ့များမှ အကူညီထောက်ပံ့ပေးနေပြီး ဆက်လက်၍လည်း အကူအညီလိုအပ်နေသည်ဟု စခန်းတာဝန်ရှိသူများပြောသည်။

Most read this week