ရိုဟင်ဂျာတို့ တတိယနိုင်ငံသို့ ပို့ပေးရန် မဖြစ်နိုင်ဟု UNHCR အကြီးအကဲပြော

ရိုဟင်ဂျာတို့ တတိယနိုင်ငံသို့ ပို့ပေးရန် မဖြစ်နိုင်ဟု UNHCR အကြီးအကဲပြော
by -
မဇ္စျိမ

ရခိုင်ရှိ ရိုဟင်ဂျာများသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ သတ်မှတ်ထား သည့် ဒုက္ခသည် သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ထိုသူများကို တတိယနိုင်ငံတွင် အခြေချနေ ထိုင်ရန် စီစဉ်ပေးနိုင်မည်မဟုတ်ဟု UNHCR ၏ မဟာမင်းကြီး Mr. Antonio Guterres က ပြောသည်။

: President's Office)

"UNHCR က စီစဉ်ပေးတဲ့ တတိယနိုင်ငံ အခြေချတဲ့အစီအစဉ်ဟာ နိုင်ငံတနိုင်ငံကနေ တနိုင်ငံကို အခြေအနေ တခုခုကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် ဖြစ်ပါတယ်။ အခု ရခိုင်မှာရှိတဲ့ ဒုက္ခသည်တွေဟာ UNHCR က သတ်မှတ်တဲ့ ဒုက္ခသည်စာရင်းထဲမှာ မဝင်ပါဘူး။ UNHCR မှ ချမှတ်ထားသော ဒုက္ခသည် သတ်မှတ်ချက်နှင့် ညီမှ တတိယနိုင်ငံသို့ ပို့ပေးမှာဖြစ်ပါတယ်။" ဟု ကြာသပတေးနေ့ ညနေ ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။

UNHCR ၏ မဟာမင်းကြီး Mr. Antonio Guterres နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ (ဓါတ်ပုံ :: President's Office)

Mr. Antonio Guterres နှင့် သမ္မတ ဦးသိန်းစိန်တို့ ဗုဒ္ဓဟူးနေ့တွေ့ဆုံမှုတွင် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံ၍ ဒုက္ခသည်စခန်းအဖြစ်ထားရှိရန်၊ UNHCR မှ ကျွေးမွေးစောင့်ရှောက်ထားရန်၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် လည်း ပို့ပေးမည်ဟု သမ္မတ၏ ဆွေးနွေးမှုနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးခွန်းကို Mr. Antonio Guterres က ပြန်လည်ဖြေကြားသွားခြင်းဖြစ်သည်။

UNHCR အနေဖြင့် "အမှန်တကယ် လိုအပ်နေသူများ၊ ဒုက္ခရောက်နေသူများကို ဘယ်အချိန် ဘယ်နေရာဘဲဖြစ်ဖြစ် အကူအညီပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီလိုကူညီပေးတာဟာ မူဆလင် လူမျိုးများနှင့် ရခိုင်လူမျိုးတို့ သင့်မြတ်ရေးအတွက် အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နှစ်ဦးနှစ်ဘက်လုံး တရားဥပဒေကို လိုက်နာပြီး
ပြန်လည်သင့်မြတ်ပြီး အတူနေထိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။" ဟုလည်း ထည့်သွင်း ပြောသွားခဲ့သည်။

သို့သော် သမ္မတနှင့် Mr. Antonio Guterres တို့ တွေ့ဆုံဆွေးနွေးမှုတွင် ရိုဟင်ဂျာ ကိစ္စနှင့် ပတ်သက်၍ ထိုသူများသည် တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့်သူများဖြစ်ခြင်းကြောင့် လက်ခံနိုင်ရန် မဖြစ်နိုင်ဟု သမ္မတက ပြောသည်ကို သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။ ရခိုင်ပြည်ရောက် ရိုဟင်ဂျာ အရေအတွက် ရှစ်သိန်း ကျော်ရှိမည်ဟု ခန့်မှန်းကြောင်းလည်း Mr. Antonio Guterres သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သမ္မတက ဥပေဒအရ မြန်မာနိုင်ငံသို့ ၁၉၄၈ မတိုင်ခင် ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် သတ်မှတ်သည်ဟုလည်း သမ္မတက ထည့်သွင်းဆွေးနွေးသည်ကို ရေးသားထား သည်။

ကြာသပတေးနေ့ Mr. Antonio Guterres ၏ သတင်းစာရှင်းလင်းမှုတွင် ထိုင်းနယ်စပ် မြန်မာဒုက္ခသည်များနှင့် ကချင်ဒုက္ခသည်များအရေးနှင့် ပတ်သက်၍လည်း ထိုဒုက္ခသည်များ နေရပ်ရင်း အေးချမ်းတည်ငြိမ်စွာ ပြန်လာနိုင်ရန် UNHCR နှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိသည်ဟုလည်း ပြောသည်။

Mr. Antonio Guterres သည် သူ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်အပြင်၊ ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်းတို့နှင့် လည်း တွေ့ဆုံခဲ့သည်။

Most read this week