အာဏာပိုင်များ မြေအစားထိုးပေးခြင်းမရှိပဲ သင်္ချိုင်းပြောင်းရွှေ့ခိုင်း

အာဏာပိုင်များ မြေအစားထိုးပေးခြင်းမရှိပဲ သင်္ချိုင်းပြောင်းရွှေ့ခိုင်း
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကဝါးခကျေးရွာရှိ ရိုမန်ကက်သလစ် အသင်းတော် Roman Catholic (RC ) သင်္ချိုင်းကို လျှပ်စစ် ဖြန့်ချီရေး လုပ်ငန်းအတွက် လျှပ်စစ်ဝန်ကြီးမှ ပြောင်းရွှေ့ခိုင်းနေသည်။

RC ဘုရားကျောင်း၊ တန်ဖရဲကျေးရွာ၊ မြစ်ကြီးနားမြို့

အာဏာပိုင်များမှ ၂၀၁၁ ဇွန်လ မှ စတင် ပြောင်းရွှေ့ရန် အမိန့် ထုတ်ပြန်ထားသော်လည်း ဒေသခံများ မပြောင်းရွှေ့ သေးသဖြင့် ယခု နောက်ဆုံးထားကာ ပြောင်းရွှေ့ရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ထိုသင်္ချိုင်းသည် ရွှေစက်၊ ကဝါးခ၊ ပလနကျေးရွာရှိ ကက်သလစ်အသင်းတော်ပိုင်သင်္ချိုင်းဖြစ်ပြီး ၁၉၆၀ ခုနစ်ခန့်မှ မြေမြုပ်သဂြိုလ်နေသောနေရာဖြစ်ပြီး ဒေသခံများသည် မပြောင်းရွှေ့လိုပဲရှိနေသည်။

အာဏာပိုင်များက ကားလမ်းဘေးတွင်ရှိနေသောကြောင့် ရွှေ့ခိုင်းခြင်းဖြစ်ပြီး လျှပ်စစ်မီးဖြန့်ချိရေးအတွက် အသုံးပြုရန် ယခုချိန်အဓမ္မပြောင်းရွှေ့ခိုင်းရာ မှာ မြေနေရာအစားထိုးပေးခြင်းမရှိသောကြောင့် ကက်သလစ်အသင်းတော်မှ ကိုယ်တိုင် မြေကွက်အသစ်ပြန်ဝယ်ယူနိုင်ရန် ရံပုံငွေများရှာဖွေနေရသည်။

ထိုသင်္ချိုင်း၏နယ်မြေပြေစာလည်းမရှိသောကြောင့်လည်း မလွှဲမသွေပြောင်းရန်စီစဉ်ခဲ့ရသည်ဟု ဘုန်းတော်ကြီး ခွန်းအောင်ပြောသည်။

“အစိုးရက ပြောင်းပဲ ပြောင်းခိုင်းတာ မြေ အစားပေးတာလည်း မရှိဘူး။ တကယ်ဆိုရင် ဧက ၂၀၊ ၃၀ တော့ ပေးမယ်ထင်တာ။ ခုအဲဒီသချိုင်းမှာ အသစ်မမြုပ်တော့ဘူုး။ နှစ်ခြင်းက ဂျော်ဘွမ်နဲ့နိီးတယ်ဆိုတော့ ဂျော်ဘွမ်မှာ မြုပ်တယ်။ ကျွန်တော်တို့ RC တွေက ဘယ်လောက်ဝေးဝေး ရာဒါကောင်းမှာ သွားမြုပ်ရတယ်။ အဟောင်း (မြုပ်ထားတာတွေ) ကိုတော့ ခုချိန်ထိ မပြောင်းရွှေ့ရသေးဘူး” ဟု ကဝါးခ RC ဘုန်းတော်ကြီး ပြောသည်။

၎င်း နယ်မြေကို ပြန်မရနိုင်တော့သဖြင့် RC ဘုန်းတော်ကြီး ခွန်းအောင်မှ ဦးဆောင်ကာ နောက်ထပ် မြေ ထပ်ဝယ်ရန် အလှူငွေ လိုက်လံ ကောက်ခံနေသည်။

ဇူလိုင် (၉) ရက် ည တွင် ကချင်အဆိုတော်နှင့် သရုပ်ဆောင်များဖြစ်ကြသည့် ကိုင်ဒင့်၊ ဇော်ဒိန်၊ ဇော်ဒွဲခေါင်၊ ဇော်မွန်းအောင်၊ မွန်းပန်၊ လဖိုင်လဂျာ၊ ကွမ်ထုံဆိုင်းရာ စသည့် အဆိုတော်များ သီချင်းဖျော်ဖြေမှုကျင်းပကာ အလှူငွေ ကောက်ခံခဲ့ကြောင်း သိရသည်။

“သိန်း ၈၀ ၊ ၁၀၀ လောက်ရှိတဲ့မြေ ရရင်တော့ ရပါပြီ။ အရင်က နည်းနည်း စုထားတဲ့ ငွေ နည်းနည်းလေးတော့ ရှိတယ်။ ဒါမယ့် ငွေက မပြည့်သေးဘူး” ဟု ဘုန်းတော်ကြီး ခွန်ေးအာင်က ပြောသည်။

သင်္ချိုင်း တွင်း မြုပ်ထားသည့် ရုပ်အလောင်းများကိုလည်း ဒေသခံများမှာ အဝေးသို့ မပြောင်းရွှေ့လိုသဖြင့် နောက်ထပ် သင်္ချိုင်း ပြုလုပ်ရန် ကဝါးခ တစ်ဝိုက် အနီး ပြန်ဝယ်ရန်စီစဉ်နေခြင်းလည်းဖြစ်ကြောင်းသိရသည်။

ဇွန်လ ၉ ရက် တနင်္လာညတွင် ကချင်တေးဂီတ ဆလွမ်အင်ဂွန် (Salum N-gun) အဖွဲ့မှ ကူညီမူဖြင့် ဖျော်ဖြေမှုများပြုလုပ်ပြီး အလှူ ရံပုံငွေများကို စတင်စုဆောင်းလာခြင်းဖြစ်သည်။

Most read this week