အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်က မြန်မာနိုင်ငံတွင် အားကစားတက္ကသိုလ်တခု တည်ဆောက်ပေးရန် အဆိုကို တင်သွင်းခဲ့ရာ လွှတ်တော်မှ ဆက်လက် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က အားကစား တက္ကသိုလ် တည်ဆောက်ပေးရန် အဆိုကို လာမည့် ၁၂ ရက်နေ့တွင် ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့ကြောင်း NLD ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောသည်။
“ဒီနေ့က သူရဦးအေးမြင့်ကနေပြီးတော့ အားကစားတက္ကသိုလ်တခု ဖွင့်လှစ်သင့်ပါတယ်ဆိုပြီး တင်ပါတယ်။ အဲဒါကို လွတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။ အဲဒီအဆိုကို ထောက်ခံဆွေးနွေးပြီး လွှတ်တော်က ဆုံးဖြတ်ပြီးတော့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းမှာပေါ့။”ဟု သူက မဇ္စျိမကို ပြောသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနနှင့် ပညာရေးမြင့်တင်မှု ကော်မတီများက အဆိုတင်သွင်းခဲ့သော မြန်မာနိုင်ငံ အဆင့်မြင့် ပညာရေးဥပဒေ၊ စာစစ်ဥပဒေ၊ ပညာရေး သုတေသန ဥပဒေ စသည့် ဥပဒေ မူကြမ်းနှင့် ရေးဆွဲရန် NLD လွှတ်တော် ကိုယ်စားလှယ်များက ဆက်လက် ဆွေးနွေးလိုကြောင်း တင်ပြခဲ့သဖြင့် လာမည့် ဇူလိုင်လ ၁၅ ရက်နေ့ထိ နောက်ဆုံး ထား ဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တင်ပြခဲ့သည်ဟု သိရသည်။
“ပညာရေးနှင့် ပတ်သက်သည့် ဥပဒေ ငါးခုလောက် တင်ခဲ့တာ အရင်တုန်းကလည်း ဆွေးနွေးကြပြီးပြီ။ အဲဒါကို အတည်ပြုရမှာ ဒါက အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် ဆိုပြီးဆွေးနွေးလို့ ရအောင်ဆိုပြီ။ ခဏ ရပ်ထားတယ်။ ဒါကို ၁၅ ရက်နေ့အပြီး ဆွေးနွေးလို့ ရသွားတယ်”ဟု အမျိုးသားဒီမိုကရက်တစ်အင်အားစု NDF ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီက ပြောသည်။
ထို့ပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က တရားရုံး မထီမဲ့မြင်ပြုမှု ဥပဒေ၊ တရားသူကြီးများကို ကာကွယ်ပေးထားသည့် တရားစီရင်ရေး ဥပဒေကို ရုပ်သိမ်းပေးရန် အဆိုကို တင်သွင်းခဲ့မှုကို မှတ်တမ်းအဖြစ် တင်ထားသည်ဟု သူက ဆက်ပြောသည်။
“ဥပဒေရေးရာကော်မတီ လွတ်တော်က ဖွဲ့ထားတဲ့အတွက် လောလောဆယ် ဥပဒေရေးရာကိစ္စတွေ ရှုပ်ထွေးမှု မဖြစ်အောင် တိုင်ပင်ပြီးတော့ ဆောင်ရွက်ဖို့ အဲဒါတွေ လွှတ်တော်က မှတ်တမ်းတင်အဖြစ် သတ်မှတ်လိုက် တယ်”ဟု ပြောသည်။
အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ၁၉၆ဝ အိမ်ငှား ဥပဒေ ရုပ်သိမ်းပြီး ဥပဒေသစ် ရေးဆွဲပေးရန် အဆိုကို လွှတ်တော်တွင် ဆက်လက် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
ကျန်းမာရေးကြောင့် ရာထူးမှ အနားယူသွားသူ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး၏ လစ်လတ်သည့် ဒုသမ္မတ နေရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အများစုက ရန်ကုန်တိုင်း ဝန်ကြီးဌာနချုပ် ဦးမြင့်ဆွေ ဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းထွက်နေသည်ဟု ပြည်သူ့လွှတ်တော် ဦးခိုင်မောင်ရီက ပြောသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဋ္ဌေးဦးတို့ကိုလည်း ဒုသမ္မတ နေရာ ဖြစ်နိုင်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ပြည်ထောင်စု လွှတ်တော် နာယက က ခရီးလွန်နေသဖြင့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ခြင်း မရှိသေးကြောင်း ဒုသမ္မတ ရွေးချယ်ရေးကိစ္စများကိုလည်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း ဦးအုန်းကြိုင်က ပြောသည်။
တပ်မတော် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရမည် ဖြစ်ပြီး ယနေ့ နောက်ဆုံးထား အမည်စာရင်းများကို တင်ပြကာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရွေးချယ်တင်မြောက်မည် ဖြစ်ကြောင်း သူက မဇ္စျိမကို
ပြောသည်။
ယနေ့ အင်္ဂါနေ့ ကျင်းပသည့် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး ပဥ္စမနေ့ ပြည်သူ့လွှတ်တော် စည်းဝေးနှင့် အမျိုးသားလွှတ်တော် စည်းဝေးကိုမူ မွန်လွဲပိုင်း ၁၂ နာရီထိသာ ကျင်းပခဲ့သည်ဟုလွှတ်တော် တက် ကိုယ်စားလှယ်များ က ပြောသည်။