သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ စည်ပင်သာယာ ဋ္ဌာနမှူးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုအောင်လွင်ဦးအား ဂျွန်လ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်က အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ စည်ပင်ဋ္ဌာနမှူး မုံးကိုးမြို့မှ ကြူကုတ်- ပန်ဆိုင်းမြို့သို့ ထွက်ခွာလာစဉ်လမ်းခရီး၌ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ယနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စည်ပင်ဝန်ထမ်းအသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“သူ့အမျိုးသမီးကလည်း စည်ပင်ဝန်ထမ်းပဲ ပန်ဆိုင်းမှာတာဝန်ကျတယ်။ သူကတော့မုံးကိုး စည်ပင်မှူးပေါ့။ သူ့မိန်းမဆီသွားတာ လမ်းမှာ KIA က သူ့ကိုဖမ်းသွားတယ် ။သူနဲ့အတူ ငွေ ၃၅ သိန်းလည်း ပါသွားတယ် ဒီနေ့အထိ ပြန်လွတ်မလာသေးဘူး” ဟု ဆိုသည်။
လွန်ခဲ့သည့်လပိုင်းကလည်း မုံးကိုးမြို့နယ်ရဲစခန်းမှ ရဲတပ်သားနေလင်းဆိုသူအား KIA မှဖမ်းဆီးခဲ့သွားပြီး ယခုပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။
သို့သော် အဆိုပါကိစ္စရပ်များအား ကချင်လွတ်လပ်ရေးအဖွဲ့၏လက်ချက် ဟုတ်မဟုတ် သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကချင်ပြည်နယ် နှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း ၌ KIA နှင့် အစိုးတပ်တို့အကြား နှစ်ဘက်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေ သည်မှာ တနှစ်ကျော်ရှိခဲ့ပြီဖြစ်ပါသည်။