မနက်ဖြန်၌ ကျရောက်မည့် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA က သျှမ်းပြည်တွင်း၌ ပထမဆုံး အကြိမ် မူယစ်ဆေးဝါး မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း သိရှိရပါသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ မိုင်းနောင်မြို့၌ နမ့်ဇန်မြို့ နောင်ဟဲန့်အခြေစိုက် ပအိုဝ်း ပြည်သူ့စစ်အဖွဲ့နှင့် လဲချားမြို့ ဝမ့်ပန်ပြည်သူစစ်အဖွဲ့မှ ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း၊ အစိုးရဘက်မှ တာဝန်ရှိသူများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ သတင်းမီဒီယာအဖွဲ့များနှင့် ပြည်သူများအား ဖိတ်ကြားထားကြောင်း ဆို၏။
“အစိုးရကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့တွေဟာ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ် နေတဲ့ အဖွဲ့လို့ ကမ္ဘာက ထင်မြင်လာအောင် စစ်အစိုးရက လုပ်လာခဲ့တယ်။ ဒီတော့ ကျနော်တို့ဖက်ကလည်း လက်နက်ကိုင် တိုက်ပွဲဝင်တာဟာ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ဖို့ မဟုတ်ဘူး။ အမျိုးသား အတွက်ဖြစ်တယ်၊ တော်လှန်ရေးလုပ်ဖို့အတွက် မူးယစ်ဆေးဝါးကနေဘဲ အထောက်အပံ့ရတာ မဟုတ် ဘူးဆိုတဲ့ အကြောင်းကို ဒီကနေ့ ကမ္ဘာကသိအောင် ပြသရတော့မယ်။ စစ်အစိုးရဟာ မူးယစ်ဆေးဝါးကို ဂိမ်းလိုသဘော ထားပြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကစားနေတာ ကမ္ဘာက သိသင့်ပြီ” ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် က ပြောပါသည်။
နယ်စပ်တွင်မူ RCSS/SSA ထိန်းချုပ်နယ်မြေဖြစ်သော ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟိုင်အုပ်စုနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်လမ်၌ ၂၀၀၁ တွင်လည်းကောင်း၊ ထိုင်းနိုင်ငံ မယ့်ဖှာ့လုံနှင့် မျက်နှာချင်းဆိုင်ရှိ စစ်ဒေသ အမှတ် ၁ လွယ်ကော်ဝမ်း၌ ၂၀၀၂ တွင်လည်းကောင်း မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆို၏။
မြန်မာအစိုးရနှင့် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်နိုင်ပြီဆိုပါက မူးယစ်ဆေးဝါးနှင့် ပတ်သက်နေ သည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စဝ်ယွတ်စစ် က ပြောပါ သည်။
“အစိုးရနဲ့ တိုင်ပင်ဆွေးနွေးပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးသွား မယ်။ မူးယစ်ဆေးဝါး မစိုက်ဖို့၊ မထုတ်လုပ်ဖို့ သတိပေးမယ်။ အချိန်ပေးမယ်။ အဲဒါတောင် ဆက်လုပ် နေသေးရင်တော့ ဥပဒေအရ အရေးယူသွားမယ်လို့ ကျနော်တို့ဖက်ကတော့ အဲဒီလို စီမံချက်ရှိပါတယ်။”
မူးယစ်ဆေးဝါး ပြဿနာသည် တစ်ဦးတစ်ယောက်တည်း၏ ပြဿနာ မဟုတ်ကြောင်း၊ ထို့ကြောင့် အားလုံးပူးပေါင်း၍ ကြိုးစားတိုက်ဖျက်သွားလျှင် မြန်မာပြည်၌ မူးယစ်ဆေးဝါး ကင်းစင်ပပျောက် သွားမည်ဟု ယုံကြည်ကြောင်း စဝ်ယွတ်စစ် က ပြောပါသည်။