အနောက်နိုင်ငံများ ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းရောက်လာမည်

အနောက်နိုင်ငံများ ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းရောက်လာမည်
by -
မဇ္စျိမ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပေါ်ထွက်လာပြီး နောက်ပိုင်းတွင် အနောက် နိုင်ငံများ သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ထိပ်တန်းနိုင်ငံများ ဖြစ်လာလိမ့်မည်ဟု စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများက ပြောသည်။

newmyanmarinvestmentsummit2012

ဇွန်လ ၂ဝ ရက်နေ့က ရန်ကုန်မြို့၊ ပတ်ခ်ရွိုင်ရယ် ဟိုတယ်တွင် စတင်ကျင်းပသော ‘မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည် အဝေး’ တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

“မကြာမီ နှစ်တွေ အတွင်းမှာပဲ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေဟာ လက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းစာရင်းဝင်နိုင်ငံတွေ နေရာမှာ အစားထိုး ဝင်ရောက်လာပါလိမ့်မယ်” ဟု စီမံ/စီးပွား ဖွံ့ဖြိုးတက်မှု ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ ကံဇော် က ဆိုသည်။

ဥရောပ၊ သြစတြေးလျ၊ ကနေဒါနှင့် အမေရိကန် ပြည်ထောင်စုတို့မှ စီးပွားရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းလိုက် ပြီးနောက် အမေရိကန်အစိုးရအနေဖြင့် အမေရိကန် ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းပြောကြားထားသဖြင့် မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် အနောက်နိုင်ငံများက အများဆုံး ရင်းနှီးမြှုပ်နှံမည့်နိုင်ငံများ ဖြစ်လာမည်ဟု ၎င်းက ဆိုသည်။

ထိုသို့ အနောက်နိုင်ငံများက နေရာယူလာဖွယ် ရှိသော်လည်း မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှုသည် အဓိကကျသော နေရာများတွင်သာ ဆက်လက်ရပ်တည်နေဖွယ် ရှိသည်။

“အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ရှိပေမယ့် အစောပိုင်းကတည်းက ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေက တခြားနိုင်ငံတွေထက် စာရင် မြန်မာနိုင်ငံ စီးပွားရေး အခြေအနေတွေကို ပိုမိုနားလည် ကျွမ်းဝင်မှု ရှိပြီး ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့လည်း ပူးပေါင်း လုပ်ကိုင်ဖို့ အဆက်အသွယ်တွေ ရှိပြီးဖြစ်လို့ ပိုပြီး လုပ်သာကိုင်သာ ရှိပါလိမ့်မယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇော်မောင် က ဆိုသည်။

နှစ်ရက်ကြာ ကျင်းပသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံသို့ အနောက်နိုင်ငံများ ဖြစ်ကြသော အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်၊ ကနေဒါ၊ ဗြိတိန်၊ အီတလီ၊ နော်ဝေ၊ သြစတြေးလျတို့ အပြင် အာရှနိုင်ငံများ ဖြစ်သော အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ တရုတ်၊ ဂျပန်၊ စင်္ကာပူ။ ထိုင်းနိုင်ငံ၊ ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ််၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ လာအို၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက်လာကြသည်။
newmyanmarinvestmentsummit2012project
၂ဝ၁၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော နိုင်ငံများတွင် တရုတ်နိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည်နေပြီး ၎င်းနောက်တွင် ထိုင်း၊ ဟောင်ကောင်နှင့် ကိုရီးယားနိုင်ငံတို့မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံများ ဖြစ်နေသည်။

ထိုသို့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော စုစုပေါင်း ၃၁ နိုင်ငံတွင် တရုတ်နိုင်ငံသည် အမေရိကန် ဒေါ်လာ ၁၃ ဒဿမ ၉၄၇ ဘီလီယံဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၃၄ ဒဿမ ၅ ရာခိုင်နှုန်းရှိပြီး ထိုင်းနိုင်ငံက ၉ ဒဿမ ၅၆၈ ဘီလီယံဖြင့် ဒုတိယလိုက်သည်။ ဟောင်ကောင်မှ ၆ ဒဿမ ၃ဝ၈ ဘီလီယံ၊ တောင်ကိုရီးယားမှ ၂ ဒဿမ ၉၃၈ ဘီလီယံ၊ ဗြိတိန်နိုင်ငံမှ ၂ ဒဿမ ၆၅၉ ဘီယံယံနှင့် စင်္ကာပူနိုင်ငံမှ ၁ ဒဿမ ၈၁၈ ဘီလီယံ အသီးသီး ရင်းနှီးမြှုပ်နှံ ထားကြသည်။

၂ဝ၁၂ ခုနှစ် မတ်လ အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄ဝ ဒဿမ ၆၉၉ ဘီလီယံ ရှိသည်။

ယခု အသစ်ရေးဆွဲထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီများသည် အခွန်ကင်းလွတ်ခွင့် ၅ နှစ်နှင့် ကုမ္ပဏီ တည်ထောင်လုပ်ကိုင်ခွင့် နှစ် ရဝ အထိ ခွင့်ပြုပေးမည် ဖြစ်သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ကို မေလ ၂ ရက်နေ့တွင် ကျင်းပသွားသော လွှတ်တော် အစည်းအဝေးတွင် အတည်ပြုရန် စီစဉ်ထားသော်လည်း အချို့ လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေပါ အသေးစိတ် အချက်အလက် ကို ထပ်မံ ဆွေးနွေးလိုသောကြောင့် ဇွန်လိုင်လ ၄ ရက်နေ့တွင် ပြန်လည် စတင်မည့့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုနိုင်ဖွယ် ရှိသည်။

Most read this week