မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရေးအတွက် ကုလသမဂ္ဂ၊ သြစတြေးလျ၊ ဥပရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံများက အမေရိကန်ဒေါ်လာ သန်းပေါင်း ၅ဝဝ ကျော် ကနဦး ကူညီထောက်ပံ့ မည်ပြီး ထပ်မံ၍လည်း သန်း ၃ဝဝ ကျော် ပေးဦးမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်အား ကတိ ပေးလိုက် ကြသည်။
ထို့ပြင် ကမ္ဘာ့ဘဏ်မှလည်း ဖွံ့ဖြိုးတိုးရေးအတွက် အတိုးနည်းချေးငွေ ဒေါ်လာသန်း ၃ဝဝ ကိုလည်း နှစ်စဉ်ချေးပေးမည် ဟု ဆိုသည်။
ဇွန်လ ၁၂ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် Peace Donor Support Group-PDSG တို့ တွေ့ဆုံကြစဉ် ထိုသို့ ထောက်ပံ့ကူညီကြမည်ဟု PDSG အဖွဲ့ဝင်များက အသီးသီး ပြောဆိုသွားကြခြင်း ဖြစ်သည်။
နော်ဝေနိုင်ငံမှ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးသည့် PDSG တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပသမဂ္ဂ နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ကြပြီး မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအတွက် အကူအညီများ ပေးအပ်ရန် ဖွဲ့စည်းမှုတခု ဖြစ်သည်ဟု ဆိုသည်။
ကုလသမဂ္ဂ ငြိမ်းချမ်းရေး ရန်ပုံငွေမှ ကနေဦးအဖြစ် ဒေါ်လာ ၅ သန်း ထည့်ဝင်ပြီး လုပ်ငန်း စတင် အကောင်အထည် ဖော်သည့်အခါ ထပ်မံ ထည့်ဝင်သွားမည်ဟု အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်လည်းဖြစ်၊ ဒုတိယ အတွင်းရေးမှူးချုပ်လည်း ဖြစ်သည့် မစ္စတာ ဗီဂျေး နမ်ဘီးယား က ဆိုသည်။
သြစတြေးလျနိုင်ငံမှလည်း ကျန်းမာရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အမေရိကန် ဒေါ်လာ ၅ သန်း ထည့်ဝင်ပြီးဖြစ်ကာ မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် ကျွမ်းကျင်သူများ စေလွှတ်ပေးမည်ဟု သြစတြေးလျ သံအမတ်ကြီးက ဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို သမ္မတဦးသိန်းစိန် ဦးဆောင်၍ အလေးထား ဆောင်ရွက် နေခြင်းကြောင့် လိုရာသုံးနိုင် ရန်အတွက် ဒေါ်လာ ၅ သန်း ပေးအပ်လိုက်ပြီး သုံးနှစ်အတွင်း ဒေါ်လာ သန်း ၃ဝဝ ပေးအပ်သွားမည်ဟု ဗြိတိန် သံအမတ်ကြီးက ဆိုသည်။
ဥပရောပသမဂ္ဂ EU ကလည်း နိုင်ငံက ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အတွက် ယူရိုငွေ သန်း ၁၅ဝ (ဒေါ်လာ ၁၈၇.၃၅ သန်း)၊ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းအတွက် နည်းပညာအကူအညီနှင့် ယူရိုဒေါ်လာ သန်း ၄ သန်း (ဒေါ်လာ ၅ သန်း) ထိ သုံးစွဲရန် လျာထားကြောင်း EU ဌာနေကိုယ်စားလှယ်က တင်ပြခဲ့သည်။
ဗြိတိန်နိုင်ငံ သံအမတ်ကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အသိအမှတ် ပြုကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းအတွက် လတ်တလောအသုံးပြုနိုင်ရန် ဒေါ်လာ ၅ သန်းနှင့် နောက် သုံးနှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာန (MPC) ထူထောင် ဖွဲ့စည်းပြီး ဖြစ်၍ PDSG နှင့် ပူးပေါင်း၍ မဟာဗျူဟာ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် လတ်တလော ဖြစ်ပွားနေသည့် “ရခိုင်ပြည်နယ်တွင်း ဖြစ်စဉ်များသည် ရှုတ်ထွေးနက်နဲသော နောက်ခံ အကြောင်းအရာများကို အခြေခံပြီး ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့ရသည့် ပြည်သူများအတွက် အစိုးရအနေဖြင့် လောလောဆယ် ထောက်ပံ့ပေးနိုင်သည့် အနေအထားတွင်ရှိကြောင်း” သမ္မတကြီးက ပြောဆို သွားသည်။
ယခု ကနဦး အလှူငွေများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကနဦး စီမံချက်များ ရေးဆွဲ၍ ဦးစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နော်ဝေ သံအမတ်ကြီးက ပြောသည်။
ထို့ပြင် သမ္မတ ဦးသိန်းစိန်အား လာမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန်၊ ၂ဝ၁၂ ခုနှစ် နှစ်ကုန် ပိုင်းတွင် ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် မစ္စတာနမ်ဘီးယားနှင့် ဗြိတိန်သံဝန်ကြီးချုပ်တို့က ဖိတ်ကြားခဲ့သည်။
ဦးသိန်းစိန်က အခြားဥရောပသမဂ္ဂအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများအား နော်ဝေနှင့် သြစတြေးလျတို့ကဲ့သို့ အပြည့် အဝ ဖြေလျှော့ပေးစေလိုကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
အင်္ဂါနေ့ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန် အပါအဝင် ဒုဥက္ကဋ္ဌ မီးရထား ဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီးများ ဖြစ်သော ဦးစိုးသိန်း၊ ဦသိန်းညွန့်၊ ဦးအုန်းမြင့်၊ ဦးဇော်မင်း၊ ဦးသန်းဌေး၊ ဦးခင်ရီ၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများလည်း တက်ရောက်ခဲ့ သည်။
ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများ ပေးမည်ဖြစ်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီကို မေလ ၃ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်သည်။
နိုင်ငံကာမှ ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် အကူအညီများ ပေးနေသော်လည်း ခံစားနေရသော ဒေသခံပြည်သူများ ထံ တိုက်ရိုက် မရောက်သဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူထုအခြေပြု အဖွဲ့အစည်းများကို ပါဝင်စေသင့်ကြောင်း၊ လူသားချင်း စာနာသော အထာက်အကူပေးမှုများကို သက်ဆိုင်ရာ ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အတူ ဒေသခံလူထုထံသို့ တိုက်ရိုက် ပေးအပ်ရန်တို့ကို ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများက ဇွန်လ ၁၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်၍ အကြံပြုထားသည်။