ယခုလ ၉ ရက်နေ့ ည ၁၂ နာရီခန့်က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ပေါ်ရှိ အချက်အခြာကျသည့် နေရာ ၆ ခုခန့်တွင် ဗုံး ၉ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရသည် ။
အဆိုပါ ဗုံးများပေါက်ကွဲမှုကြောင့် လမ်းဘေးစည်ပင်သာယာခုံ တချို့ပျက်စီးသွားသည်မှ လွဲ၍ လူအသေအပျောက်မရှိ ကြောင်း မြို့နယ်အုပ်ချုပ်ရေးအသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ဖြစ်တဲ့နေရာတွေကတော့ ရဲစခန်းနဲ့ကိုက် ၁၀၀ ကျော်လောက်ဝေးတဲ့နေရာရယ် ယူနိုက်တက်ဘဏ်ရှေ့ရယ် အားလုံး၆ နေရာလောက်မှာ ပေါက်ကွဲမှု ဖြစ်တာပေါ့နော်။ စည်ပင်သာယာခုံတွေတော့ နည်းနည်းပါးပါးပျက်စီး သွားတယ်။ လူအသေ အပျောက်တော့ မရှိပါဘူး ” ဟု ဆိုသည် ။
ဗုံးဖေါက်ခွဲသည့် တရားခံကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းနှင့် ဗုံးကွဲမှုအပြီး မြို့တွင်းလုံခြုံရေးပိုမို
တင်းကြပ် ထားပြီး ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သူက ဆက်ပြောသည် ။
ယခုနှစ်အတွင်း မူစယ်ခရိုင်အတွင်း၌ ဗုံးများ မကြာခဏ ပေါက်ကွဲခဲ့ရာ မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးဋ္ဌာနမှ
အရာရှိ တစ်ဦးအပါအဝင် အနည်းဆုံး လူနှစ်ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည် ။