အက်စကွဲ ဖိနပ်စက်ရုံမှ အလုပ်သမား ၃၀၀ ကျော် လစာ ရရှိရေး ဆန္ဒပြ

အက်စကွဲ ဖိနပ်စက်ရုံမှ အလုပ်သမား ၃၀၀ ကျော် လစာ ရရှိရေး ဆန္ဒပြ
by -
မဇ္ဈိမ

သောကြာနေ့ နံနက် ၁ဝ နာရီ ခွဲခန့်တွင် လှိုင်သာယာ စက်မှုဇုန် ၂ ကမ်းနားလမ်းရှိ ကိုးရီးယား နိုင်ငံသားပိုင် အက်စကွဲ ဖိနပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏ မေလ တလလုံး လုပ်အားခ လစာငွေများကို အလုပ်ရှင်မှ ယနေ့အထိ ထုတ်ပေးခြင်း မရှိသဖြင့် လစာငွေ ထုတ်ပေးရေးအတွက် ဆန္ဒပြ တောင်းဆိုကြသည်။

“သမီးတို့ အခု တောင်းတာက သမီးတို့ လုပ်ခ ၅ လပိုင်း လစာကို ထုတ်ပေးဖို့ပါ။ စက်ရုံပိုင်ရှင်က သူ့မှာ ပိုက်ဆံ မရှိသေးဘူးတဲ့။ တကျပ်မှ တပြားမှ မပေးနိုင်ဘူးလို့ ဘူးခံပြီး ငြင်းနေလို့။ သမီးတို့ အလုပ်သမားတွေ အနေနဲ့ တယောက်မှ မကျေနပ်ဘူး။ ဒါဆိုရင် သမီးတို့ ဒီကိစ္စကို သက်ဆိုင်ရာနဲ့ပဲ ဖြေရှင်းမယ်လို့ပြောပြီး အခုလို ဆန္ဒပြကြတာပါ” ဟု လုပ်သက် ငါးနှစ်ရှိ အလုပ်သမား မိန်းကလေးတဦးဖြစ်သူ မဖြူဖြူဝင်း က မဇ္စျိမကို ပြောသည်။

ဆန္ဒပြပွဲသို့ အက်စကွဲ ဖိနပ်စက်ရုံမှ အလုပ်သမား ၃၄၅ ဦး ပါဝင်သည်။

အဆိုပါ စက်ရုံတွင် ပုံမှန်အားဖြင့် လဆန်း ၅ ရက်နေ့တွင် လုပ်ခလစာ ရှင်းပေးလေ့ ရှိသည်။ အလုပ်သမား ဥပဒေအရ ရ ရက်နေ့ထက် မကျော်လွန်ဘဲ ပေးဆောင်ရန် သတ်မှတ်ထားသော်လည်း ယနေ့ ၈ ရက်နေ့ ရောက်သည့်တိုင်အောင် လုပ်ခလစာ ရှင်းပေးခြင်း မရှိသဖြင့် စက်ရုံ အလုပ်သမားများက ယခုကဲ့သို့ ဆန္ဒပြကြခြင်းလည်း ဖြစ်သည်။

စက်ရုံပိုင်ရှင်မှ မိမိမှာ တနေ့လျှင် ဒေါ်လာငွေကို ဘဏ်မှ ပမာဏ အကန့်အသတ်ဖြင့်သာ ထုတ်နေရသဖြင့် ဤမျှ များပြားသော အလုပ်သမားများအား တရက်တည်းဖြင့် ရှင်းပေးရန် မလွယ်ကူကြောင်း အကြောင်းပြ သည်။

“အခြေအနေက တော်တော် ဆိုးနေတယ်။ ကလေးမလေးတွေက အရမ်း ပေါက်ကွဲနေတယ်။ သူတို့ သူဌေး ကလည်း လုပ်ခ ရှင်းမပေးနိုင်ဘူးလို့ ကျနော်တို့ ရှေ့မှာတင် မောက်မောက်မာမာပဲ ပြောသွားတယ်။ ဒီညနေ ၆ နာရီမှာ ထုတ်မပေးရင် ကိုးရီးယား သံရုံးရှေ့မှာ ဆန္ဒပြမယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ရုံးရှေ့မှာ ဆန္ဒပြမယ် အဲလို စီစဉ်ထားတယ်။ ကြာရင် အခြေအနေက ထိန်းမနိုင်မှာ စိုးရိမ်ရတယ်” ဟု အဆိုပါ ဆန္ဒပြပွဲ အား လိုက်လံထိန်းသိမ်း ဆောင်ရွက်ပေးသူ ၈၈ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ကိုကိုကြီး (စမ်းချောင်း)က မဇ္စျိမကို ပြောသည်။

နံနက်ပိုင်းက အဆိုပါ ဆန္ဒပြပွဲသို့ အလုပ်သမား ဝန်ကြီးဌာနမှ ညွှန်/ချုပ် ဦးဝင်းရှိန်၊ ဦးမျိုးအောင်နှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနမှ တာဝန်ှရှိ ပုဂ္ဂိုလ်များက လာရောက် ညှိနှိုင်းခဲ့သည်။ ကိုးရီးယား လူမျိုး စက်ရုံပိုင်ရှင် အား လုပ်ခလစာ ထုတ်ပေးမပေးပါက မြန်မာနိုင်ငံမှ ထွက်ခွာခွင့် ပြုမည်မဟုတ်ကြောင်း လဝက အရာရှိများ က ပြောဆိုသွားခဲ့သည်ဟု ကိုကိုကြီး(စမ်းချောင်း)က ပြောသည်။

အလုပ်ရှင်ဘက်မှ ဆန္ဒပြအလုပ်သမားများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြမှသာ လုပ်ခ လစာများအား ထုတ်ပေးမည်ဟု အကျပ်ကိုင် ပြောကြားထားသည်။

“သူ မပေးဘူးလို့ မပြောဘူးတဲ့ ပေးပါမယ်တဲ့။ ရက်ကို သတ်မှတ်ချက်နဲ့ မပြောဘူး။ နောက်အပတ်လည်း မဟုတ်ဘူးတဲ့။ သမီးတို့ အလုပ်သမားတွေ အများစုက နယ်က တက်လာပြီး အလုပ်လုပ်ကြတဲ့ လူတွေချည်းပဲ။ အဆောင်ခတွေ၊ ရေခ၊ မီးခတွေ လကုန်ရင် ပေးရမယ်လေ။ ဒီတော့ သမီးတို့ကို လစာပုံမှန် မထုတ်ပေးရင် သမီးတို့ စားဝတ်နေရေး ပြဿနာတွေက တောက်လျှောက်ပဲ” ဟု မဖြူဖြူဝင်း က ရှင်းပြသည်။

ဌာနဆိုင်ရာ တာဝန်ရှိသူများ လာရောက် ညှိနှိုင်းအပြီးတွင် စက်ရုံပိုင်ရှင်ဘက်မှ လုပ်ခလစာများအား ညနေ ၆ နာရီတွင် ရှင်းပေးမည်ဟု ကတိပေး ပြောကြားထားသည်။ သို့သော် သုံးသောင်း ထုတ်ပေးမည်၊ ထက်ဝက် ထုတ်ပေးမည် စသည်ဖြင့် စက်ရုံ ပိုင်ရှင်ဘက်မှ အမျိုးမျိုး ပြောဆိုနေမှုကြောင့် အလုပ်သမားများ ပို၍ မကျေမနပ် ဖြစ်နေကြသည်။

မေလ ၃ဝ ရက်နေ့က လုပ်အားခ တိုးမြင့် ရရှိရေး ဆန္ဒပြမှုများ ဤအက်စကွဲ စက်ရုံ၍ ဖြစ်ပွားခဲ့သေးသည်။

“ဒီဟာက သူတို့ကို လုပ်ခလစာ ရှင်းမပေးရင် ကျနော်တို့လည်း ထိန်းလို့ရတော့မှာ မဟုတ်ဘူး။ ရဲစခန်း သွားမယ်။ လှိုင်သာယာ တရားရုံးမှာ ဦးတိုက် လျှောက်ထားပြီး အမှုဖွင့်မယ်။ သူတို့ စီစဉ်ထားသလို ဆန္ဒ ဆက်ပြဖို့ကို ဆက်လုပ် လုပ်ဆောင်သွားကြမယ်လို့ ပြောနေကြတယ်” ဟု ကိုကိုကြီး (စမ်းချောင်း)က
ပြောသည်။

သတင်းရယူသည့် နေ့လည်ပိုင်းထိ အလုပ်သမားနှင့် အလုပ်ရှင်တို့ နှစ်ဦးနှစ်ဖက်မှ သဘောထား တင်းမာ လျက်ရှိပြီး အလုပ်သမားများမှာလည်း လူစု ကွဲသေးခြင်း မရှိဘဲ လှိုင်သာယာ ဇက်မှုဇုန် ၂ တွင် စုစုစည်းစည်းဖြင့် ရှိနေကြဆဲ ဖြစ်သည်။

ကိုကိုကြီး (စမ်းချောင်း) နှင့် ကိုအောင်သူတို့က ၎င်းတို့အနေနှင့် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့ခြင်းမှာ မိမိတို့ ဆန္ဒအလျောက်သာ ဖြစ်၍ ၈၈ ကျောင်းသားများအဖွဲ့၏ သဘောထား မဟုတ်ကြောင်း ပြောသည်။