နိုင်ငံရေးကြောင့် လိုင်စင်သိမ်းခံရသော ရှေ့နေများအနေနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ တွင် ရှေ့နေလိုက်ခွင့် ပြန်လည် ရရှိသင့်ကြပြီဖြစ်ကြောင်း ကာယကံရှင်ရှေ့နေများက အင်္ဂါနေ့က ပြောဆိုလိုက်သည်။
“ရှေ့နေဆိုတာ ပြည်သူ့ဘက်က ရပ်တည်ရတာပါ။ စစ်အုပ်ချုပ်ရေး မတရား ဖိနှိပ်မှုတွေအတွက် ကျနော်တို့က အမှန်တရားဘက်က ရပ်တည်တယ်။ ဒီမိုကရေစီကို တောင်းတဲ့လူ ဘက်က ရှေ့နေလိုက်ပေးတာနဲ့ အဖမ်းခံရတယ်။ လိုင်စင် အသိမ်းခံခဲ့ရတယ်။ အခုချိန်ဟာ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့လုပ်နေပြီ ဆိုတော့ ဒီလူတွေကို လိုင်စင်ပြန်ပေးသင့်ပါတယ်” ဟု လိုင်စင် အသိမ်းခံရသည့် ရှေ့နေကြီး ဦးညွန့်ရှိန် က ပြောသည်။
ရှေ့နေကွန်ယက်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေစဉ် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အဖြုတ်ခံရတဲ့ ရှေ့နေတွေက သတ်မှတ်ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အညီ စစ်ဆေးလို့ ပိတ်သိမ်းခံရတာ မဟုတ်ဘူး။ ရှေ့နေများ လိုက်နာရမယ့် အက်ဥပဒေ ပုဒ်မ(၄ဝ) မှာ ပြဋ္ဌာန်းထားတဲ့ ရှေ့နေတဦးက ရှင်းလင်းတင်ပြခွင့်၊ ပြန်လည်ချေပခွင့် ရှိတယ်။ ခုံအဖွဲ့ ဖွဲဲ့ပြီး စုံစမ်းခြင်း၊ စစ်ဆေးခြင်း မရှိဘဲ အလုပ်မှ ရပ်ခြင်း မလုပ်ရဘူးဆိုတဲ့ဥပဒေ ရှိတယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ် ကတည်းက အဲဒီဥပဒေကို မျက်ကွယ်အရေး ယူတယ်။ ဒါက နိုင်ငံတော် တရားရုံးကိုယ်တိုင်က စပြီး လက်ခံခြင်း မရှိဘူးလို့ ပြောချင်ပါတယ်” ဟု ရှေ့နေ ဦးသိန်းသန်းဦး က မဇ္စျိမကို ပြောသည်။
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ကုညီဆောင်ရွက်ပေးဖို့အတွက် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များအား ရှေ့နေများက သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
နိုင်ငံရေးအမှုလိုက်၍ ရှေ့နေလိုင်စင် ရုတ်သိမ်းခြင်းခံရေသော ရှေ့နေများအနက် တရားရုံးချုပ်ရှေ့နေ ၂၅ ယောက်နှင့် အထက်တန်းရှေ့နေ ရ ယောက်တို့ ပါဝင်ပြီး စာရင်းသွင်းခြင်းမရှိသေးသည့်သူများလည်းရှိ ကြောင်း အာရှ ဥပဒေရေးရာ ရင်းမြစ်အဖွဲ့ ALRC က ပြောသည်။
“ဒီ ၃၂ ယောက်အပြင် ဒီလို နိုင်ငံရေးအကြောင်းကြောင့် လိုင်စင်အရုတ်သိမ်းခံရတဲ့ ရှေ့နေတွေ အများကြီး ရှိနေမယ် လို့လည်း ယုံကြည်ပါတယ်။ အတော်များများဟာလည်း အကျဉ်းထောင်တွေထဲမှာ အကျခံခဲ့ရဖူးပါတယ်” ဟု ALRC ညွှန်ကြားရေးမှူး Wong Kai Shing က ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံ တရားသူကြီးဥက္ကဋ္ဌ ဦးထွန်းထွန်းဦးထံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာ တစောင်တွင် “ရှေ့နေ များ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန်နှင့် အခုလိုအရေးကြီး တဲ့အချိန်ကာလမျိုးမှာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သူတို့အနေနဲ့ ပါဝင်စွမ်းဆောင်ခွင့်ပြရန်” ALRC က တောင်းဆိုထားသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်၊ ၁၉၉ဝ လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်သည့် တရားရုံးချုပ်ရှေ့နေကြီး ဦးစောလှိုင် ကလည်း ရှေ့နေလိုင်စင် ရုတ်သိမ်းခံရခြင်းနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးရမှုကို မဇ္စျိမအားပြောပြသည်။
“ကျနော်တို့ ဒီခေတ်ကြီးတလျှောက်လုံးမှာ နိုင်ငံရေးလုပ်လို့ ကျောင်းသားဘဝမှာ ကျောင်းထုတ်ခံခဲ့ရတယ်၊ ကျူရှင်ပြ စားတော့ ကျုရှင်ပြခွင့် အပိတ်ခံရတယ်၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တော့ အာဏာလွှဲပြောင်း မပေးဘူး၊ ရှေ့နေ လုပ်တော့ ရှေ့နေလိုင်စင် အသိမ်းခံရတယ်။ အင်မတန် နစ်နာပါတယ်” ဟု ပြောဆိုခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများကို အများဆုံး အပြစ်ချသည့် ဥပဒေတခုဖြစ်သော ၁၉၅ဝ ခုနှစ် အရေးပါ်စီမံချက် အက်ဥပဒေအား ပြန်လည် ဖျက်သိမ်းပေးစေလိုကြောင်း၊ ၎င်းဥပဒေ ဖျက်သိမ်းမှသာ အနာဂတ်တွင် နိုင်ငံရေး အကျဉ်းသား ရှိတော့မှာ မဟုတ်ကြောင်း ရှေ့နေများက ပြောသည်။
“ဒီဥပဒေက တကယ်ဆိုရင် နိုင်ငံကို သိက္ခာချတဲ့ ဥပဒေပါ။ ခုလက်ရှိ နိုင်ငံ တည်ငြိမ်နေတယ်။ ဒါကို မတည်ငြိမ်လို့ ဒီဥပဒေ ဆက်ရှိနေတယ်လို့ အဓိပ္ပာယ် သက်ရောက်နေတာပေါ့။ ဒီဥပဒေဟာ စစ်အစိုးရ လက်ထက် နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီးထောင်ချရာမှာ အရေးပါတဲ့ ဥပဒေတခုဖြစ်တယ်။ ဒီဥပဒေကို ကျင့်သုံးတာ နှစ် ၆ဝ ရှိပါပြီ။ မူရင်းဥပဒေက ပြစ်ဒဏ် ခုနှစ်နှစ်ပဲ ချတာပါ။ တိုးတက်လာတာနဲ့အမျှ ၁၉၈၈ ကစပြီး နှစ် ၂ဝ တသက်ထိ တိုးမြှင့်ထား တဲ့ ဥပဒေ ဖြစ်ပါတယ်” ဟု လိုင်စင် ရုတ်သိမ်းခံရသူ တရားရုံးချုပ်ရှေ့နေကြီး ဦးသိန်းသန်းဦး က ပြောသည်။