ကချင်ဒုက္ခသည် ၂,၆၀၀ ကျော်အတွက် တလစာရိက္ခာ UN လှူဒါန်း

ကချင်ဒုက္ခသည် ၂,၆၀၀ ကျော်အတွက် တလစာရိက္ခာ UN လှူဒါန်း
by -
မဇ္စျိမ

မိုးမောက်မြို့နယ် လွယ်ဂျယ်နှင့် မိုင်ဂျာယန်အတွင်းရှိ ကချင် ဒုက္ခသည်စခန်းနှစ်ခုမှ လူပေါင်း ၂,၆ဝဝ ကျော်အတွက် တလစာ စားနပ်ရိက္ခာကို ကုလသမဂ္ဂ၏ စားနပ်ရိက္ခာပေးရေး အဖွဲ့အစည်းများက ထောက်ပံ့နေ သည်ဟု သိရသည်။

အကူအညီပေးရေး လမ်းကြောင်းများကို မေလအတွင်း မြန်မာအစိုးရက ပိတ်ဆို့ခဲ့ပြီးနောက် ဇွန်လ ၅ ရက်တွင် ပါကထောင် (Pa Kahtawng) ဒုက္ခသည်စခန်းမှ လူပေါင်း ၂,၄ဝဝ ကျော်အတွက် ထောက်ပံ့ပေးခဲ့ပြီး ဇွန်လ ၆ ရက်နေ့တွင် အုံလုံ (Ung Lung) ဒုက္ခသည်စခန်းရှိ လူပေါင်း ၂ဝဝ ကျော်တို့ အတွက် ထောက်ပံ့ပေးခဲ့သည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ ဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

“မနေ့ကနဲ့ ဒီနေ့။ ဒီနေ့ အုံလုံ (Ung lung) စခန်းမှာ လှူမယ်။ ဒီမှာက ၂ဝဝ ကျော်ပဲ။ ရှမ်းရွာပဲ။ အိမ်လွတ်တွေမှာ စခန်းလုပ်ပြီး နေထိုင်နေကြတာ။ အစားအသောက်က တလစာနဲ့ တခြား မီးဖိုချောင်သုံး ပစ္စည်းတွေ ပါတယ်”ဟု မဇ္စျိမကို ပြောသည်။ 

ကုလ အဖွဲ့အစည်းများအနေဖြင့် KIO ထိန်းချုပ်ဒေသအတွင်းရှိ အခြား စစ်ပြေး ဒုက္ခသည်များကို ကူညီထောက်ပံ့ရန် ပြင်ဆင်ထားသည်ဟု သိရသော်လည်း အစိုးရဘက်က ခွင့်ပြုချက်အပေါ် မူတည်မည်ဟု သူက ဆိုသည်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က မကြာမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ နှစ်ဖက် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်ပေါင်း ရ၅,ဝဝဝ ခန့်ရှိပြီး အများစုမှာ တရုတ်နယ်စပ်အနီး KIO ထိန်းချုပ်နယ်မြေတွင် နေထိုင်နေသည်ဟု ဆိုထားသည်။

ကုလအဖွဲ့များသည် ကြာသပတေးနေ့တွင် လွယ်ဂျယ်မှ ဗန်းမော်မြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

လွယ်ဂျယ်နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံတွင်းရှိ လားရိန်း (La Ying) ဒုက္ခသည်စခန်းအတွင်း ခိုလှုံနေသော စစ်ပြေး ဒုက္ခသည် ၁,ဝဝဝ ကျော် ရှိနေပြီး ယင်းတို့အား ကူညီထောက်ပံ့ခြင်း မရှိသေးကြောင်း မိုင်ဂျာယန်မှ ကချင်အမျိုးသမီး အစည်းအရုံး KWAT အဖွဲ့ဝင် ဒေါ်မိုင်းဂျာက ပြောသည်။

“တရုတ်ဘက်ခြမ်းကိုတော့ ကျမတို့ ရတာတွေနဲ့ ကူညီပေးနေတယ်။ ကိုယ့်ပတ်ဝန်းကျင်ကနေ ရသလောက် စုဆောင်း ပြီးတော့ လှူနေတယ်ဆိုတော့ ဘတ်ဂျက်ငွေ မများဘူး။ ဒါပေမယ့် ၁ဝ လ လောက် ကျမတို့ တတ်နိုင်တလောက် ကူညီပေးခဲ့တယ်။ ကျမတို့လည်း သိပ်ပင်ပန်းပြီ။ UN ကနေ လာကူညီတာ ဝမ်းသာတယ်” ဟု မဇ္စျိမကို ပြောသည်။

မတ်လကုန်ပိုင်းကလည်း မိုင်ဂျာယန်အတွင်းရှိ စစ်ပြေးဒုက္ခနယ်များနှင့် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသအတွင်းရှိ တရုတ်-
မြန်မာနယ်စပ်တွင် ခိုလုံနေသော စစ်ပြေးဒုက္ခသည် တထောင်ကျော်အတွက်  အစားအသောက်နှင့် ရိက္ခာ တလစာကို ကုလအဖွဲ့များက ထောက်ပံ့ပေးခဲ့သည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး UNOCHA၊ ကုလ ပညာရေးနှင့် ကလေး သူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF၊ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ လာရောက်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ယင်းအဖွဲ့များ ပထမဆုံးအကြိမ် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့
ရောက်ရှိလာကာ အိမ်တွင်းသုံး ကယ်ဆယ်ရေးပစ္စည်းအစုံ ၈၀၀ လှူဒါန်းပေးခဲ့သည်။

ယခုတကြိမ်မှာ တတိယအကြိမ်မြောက် လှူဒါန်းခြင်း ဖြစ်သည်။

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ၂ဝ၁၁ ခုနှစ်၊ ဇွန် ၉ ရက်နေ့မှ စတင်ကာ မြန်မာအစိုးရနှင့် KIO တပ်ဖွဲ့များ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူအများ အိုးအိမ်စွန့်ခွာ၍ ထွက်းပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

စစ်ပွဲ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် လိုင်ဇာမြို့ KIO ဗဟိုဌာနချုပ်နှင့် ဒုက္ခသည် စခန်းတိုင်းတွင် ဆုတောင်း ဝတ်ပြုမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဦးဒွဲပီဆားက ပြောသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်စဲရန်နှင့် စစ်ပြေးဒုက္ခသည်များအတွက် လူမှုဘေးဒုက္ခများ အမြန်ဆုံး ချုပ်ငြိမ်းစေရန်အတွက် ပြည်တွင်းပြည်ပ ကချင် လူငယ်များနှင့် လူမှုအဖွဲ့အစည်းများက ငြိမ်းချမ်းရေး လှုပ်ရှားမှုများ ပြုလုပ် ကြမည် ဖြစ်သည်။

အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့ ၅ ကြိမ်ထက်မနည်း တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း သဘောတူညီ မှု မရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။