ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် လမ်းပျက်၍ ရွာသားများ စာရေးကန့်ကွက်

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် လမ်းပျက်၍ ရွာသားများ စာရေးကန့်ကွက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းတွင် ရွာသားများ ကိုယ်ထူ ကိုယ်ထ ဖေါက်လုပ်ထားသော ကျောက်ခင်းလမ်းမှာ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ ကားများ အသုံးပြုမူကြောင့် ပျက်စီးသွားသဖြင့် ရွာသားများ စာရေးလက်မှတ်ထိုးပြီး ကန့်ကွက်လိုက်ကြောင်း သတင််း ရရှိသည်။

ကျောက်ဖြူမြို့နယ်တွင် အေကောင်အထည်ဖေါ်နေသော ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်း တစ်ခု ( ဓါတ်ပုံ- နိရဥ္စရာ)
“ ကန့်ကွက်တဲ့ အထဲမှာ ရွာသား ၂၀၀ ပါ၀င်ပါတယ်။ ကန့်ကွက်တဲ့ စာမှာ လက်မှတ်ရေးထိုးပြီး မနေ့က ကျွန်တော်တို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို သွားပေးပါတယ်။ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးပါ။ မဟုတ်ရင် လူထု ဆန္ဒ ဖေါ်ထုတ်ပွဲ ပြုလုပ်ပြီး ကန့်ကွက်သွားမယ်ဆိုပြီး ပြောခဲ့ပါတယ်” ဟု ရွာသားများထဲမှ ခေါင်းဆောင် တစ်ဦးက ပြောသည်။

မလကျွန်းကျေးရွာ အနီးတွင် ဒေဝူးမှ သဘာဝ ဓါတ်ငွေ့ သန့်စင် စက်ရုံအား တည်ဆောက်နေပြီး တစ်ခြား တရုတ်၊ အိန္ဒိယ ကုမ္ပဏီများမျလည်း စက်ရုံများ တည်ဆောက်နေကြောင်း သိရသည်။

“ သူတို့ကားတွေ နေ့ည မပြတ်သွားလာနေတဲ့ အတွက် လမ်းက လုံးဝ ပျက်စီးသွားတယ်။ ၂ မိုင်ခန့်ရှည်တဲ့ လမ်းတလျှောက် ရွံ့နွံတွေ ဖုံးနေတယ်။ စက်ဘီး  ဆိုင်ကယ် ဘာမှ သွားလာလို့ မရဘူး။ ကျောင်းသား ကျောင်းသူတွေလည်း ကျောင်းသွားဖို့ အခက်အခဲ ဖြစ်နေတယ်။ ကျောက်ဖြူက ဆရာ ဆရာမတွေလည်း ရွာကို စာလာပြဖို့ အခက်တွေ့နေတယ်။ စျေးသွား စျေးလာ အကုန်လုံးပါဘဲ။ ပျက်တာက လူတွေ လုံးဝ သွားလာလို့ မရအောင် ပျက်စီးသွားပါတယ်” ဟု သူက ဆက်ပြောသည်။

ဒေဝူး  အပါအဝင် နိုင်ငံခြား ကုမ္ပဏီများသည် သူတို့ စက်ရုံများသို့ အဝင်လမ်းများအား ကောင်းမွွန်စွာ ပြုလုပ်ထားသော်လည်း ဒေသခံ ပြည်သူများ သွားလာသော မလကျွန်းရွာလမ်းကိုမူ လုံးဝ မပြုပြင်ဘဲ ပစ်ထားကြောင်း  သူက ဆိုသည်။

ကုမ္ပဏီ တာဝန်ရှိသူများအား  လမ်းပျက်စီးသွားသဖြင့် ပြန်လည် ပြုပြင်ပေးရန် တောင်းဆိုသော်လည်း အဆိုပါ လမ်းကိစ္စမှာ သူတိို့နှင့် မသက်ဆိုင်ကြောင်း ပြန်ပြောသည်ဟု ဆိုသည်။

“ ဒီလမ်းက ရွာသားတွေ ကိုယ်ထူ ကိုယ်ထ လုပ်ထားတဲ့ လမ်းဖြစ်တဲ့ အတွက် ပြန်ပြု ပြင်ပေးပါလို့ သွားပြောကြပါတယ်။ ဒေဝူး အပါအဝင် ဘယ်ကုမ္ပဏီ  တာဝန်ရှိသူတွေကမှ ဒေသခံ ပြည်သူတွေ တင်ပြတာကို အရေးမစိုက်ဘူး။ သူတို့နဲ့ မဆိုင်ဘူးလို့ ပြောကြပါတယ်။ ဒါကြောင့် နောက်ဆုံး စာရေးပြီး ကန့်ကွက်ရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကျေးရွာသား ၂၀၀ လက်မှတ်ရေးထိုး ကန့်ကွက်ထားသော စာကို မြို့နယ် အုပ်ချုပ်ရေးမှူးကို လိပ်မူတပ် ပေးပို့ပြိး မိတ္တူကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဥက္ကဌ၊  ကျောက်ဖြူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင် အပါအဝင်  နေရာ ၈ ခုသို့  မိတ္တူ ပေးပို့လိုက်ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကျောက်ဖြူမြို့နယ် ရုံးမှလည်း အဆိုပါ ကန့်ကွက် တိုင်ကြား စာအား လက်ခံရရှိထားပြီး ပြည်သူများ ပူးပေါင်းကာ အဆိုပါ လမ်းကို ပြန်လည် တည်ဆောက်ပေးရန် တောင်းဆိုသွားမည်ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ လမ်းမှာ ကျောက်ဖြူမြို့နှင့် မလကျွန်းကို ဆက်သွယ်ထားသော လမ်းဖြစ်ပြီး အဆိုပါ လမ်းပျက်စီးနေမူကြောင့် ရွာပေါင်း ၁၀ ရွာခန့်မှ လူများ ဒုက္ခတွေ့နေပြီး ထိုအထဲတွင် လိပ်ခမော်၊ ရွာမ၊ ရွာဟောင်း၊ ရွှေစင်၊ ငလကျွန်း စသည့် ကျေးရွာများ ပါ၀င်ကြောင်း သိရသည်။

Most read this week