ယခုနှစ် ငါးသားပေါက် ကာလအတွင်း ပင်လယ်ပြင် ငါးဖမ်းခွင့်ကို စက်လှေငယ်များအားရက်အကန့် အသတ်ဖြင့်သာ ဖမ်းခွင့်ပြုခြင်းနှင့် ငါးစားကျက်များ ပျက်စီးနေသည့်အတွက် အခက်အခဲများစွာနှင့် ကြုံတွေ့ဖွယ်ရှိကြောင်း တနင်္သာရီတိုင်း ကော့သောင်းမြို့မှ ရေလုပ်သားများက ပြောသည်။
ငါးရစ် ငါးသန် သားပေါက်ကာလ ဖြစ်သည့် ဇွန်လဆန်းမှ သြဂုတ်လကုန်ထိ သုံးလတာအတွင်း ငါးဖမ်း စက်လှေ အားလုံးကို မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန လက်အောက်ရှိ ကော့သောင်း ရေလုပ်ငန်း ဦးစီးဌာနက မေလ ၂၉ ရက်နေ့မှ စ၍ ငါးဖမ်းခွင့် ပိတ်လိုက်သော်လည်း ပြန်လည် ပြင်ဆင်ကာမြင်းကောင် ရေအား ၂၅ဝ ရှိသည့် စက်လှေငယ် များကို ခုနှစ်ရက်အတွင်းသာ ပင်လယ်ပြင်ထွက် ငါးဖမ်းခွင့် ပြုလိုက်ခြင်း ဖြစ်သည်။
“ဒီခုနစ်ရက်အတွင်း ပင်လယ်ပြင်ထွက်ပြီး ငါးဖမ်းဖို့ဆိုတာ အချိန်ဘယ်လိုမှ မလုံလောက်ဘူး။ အထွက်က တရက်၊ အဝင်က တရက်၊ ပိုက်တွေ ပြင်တာက တရက်လောက်ဆို ခုနစ်ရက်မှာ လေးရက်လောက်ပဲ ငါးဖမ်းနိုင်မယ်။ ဒီကြားထဲ လှိုင်းကြီးလို့ နားလိုက်ရတာ ရှိဦးမယ်ဆိုတော့ ကျနော်တို့အတွက် အခက်အခဲ အများကြီး ရှိတယ်” ဟု လုပ်သက်လေးနှစ်ရှိ ငါးဖမ်းလုပ်သား တဦးက ပြောသည်။
ယခင်နှစ်များတွင် ငါးဖမ်းစက်လှေငယ်များမှာ ရက်အကန့်အသတ်မဲ့ ဖမ်းခွင့်ရှိပြီး ကော့သောင်းမြို့နှင့် ရေမိုင် ၂ မိုင် ဝန်းကျင်တွင် ငါးပုဇွန်များ ဖမ်းယူရရှိနိုင်ခဲ့သည်။ သို့သော် တနင်္သာရီ ကမ်းရိုးတန်းနှင့် ပါချန်မြစ်ဆုံရာ တွင် သဲများ စုပ်ယူပြီး စင်္ကာပူနိုင်ငံသို့ ရောင်းချနေခြင်းကြောင့် ငါးစားကျက် ပျက်စီးသွားသည့်အတွက် ယခုနှစ်တွင် ရေမိုင် ၁၅ မိုင်ခန့်သို့ သွားရောက် ဖမ်းယူနေရသည်ဟု ရေလုပ်သားများက ပြောသည်။
“သဲ စုပ်ယူလိုက်တော့ သဲခုံတွေက ပျက်ပြီး လိုဏ်ခေါင်းတွေ၊ ရေအောက်ချိုင့်တွေ ဖြစ်လာတယ်။ အဲဒီနေရာမှာနုန်းတွေက ဝင်လာတယ်။ ကမ်းပါးတွေ ပြိုတယ်။ အခုတော့ ငါး ပုဇွန်တွေ မရှိတော့လို့ အဝေးကြီးကို ထွက်ပြီး သွားဖမ်းနေရတယ်” ဟု အခြား ငါးဖမ်းလုပ်သားတဦး ဖြစ်သည့် ကိုထွန်းက ပြောသည်။
သဲစုပ်ယူရောင်းချခြင်းကို ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ကတည်းက လုပ်ဆောင်နေခြင်း ဖြစ်သည်။
၂ဝ၁၁ ခုနှစ် စက်တင်ဘာလတွင် ဒေသခံများက သဲစုပ်ယူနေခြင်းကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်စာများကို သမ္မတကြီးထံ လိပ်မူပြီး၊ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ရုံးများ၊ ကော့သောင်း မြို့ရှိဒေသဆိုင်ရာ အာဏာပိုင်ရုံးများသို့ ပေးပို့ခဲ့သေးသော်လည်း သဲတူးဖော်ခြင်း လုပ်ငန်းမှာ ရန့်တန့်သွား ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
တနင်္သာရီ ကမ်းရိုးတန်း ကော့သောင်းမြို့တွင် ငါးဖမ်း စက်လှေကြီး အစီး တရာကျော်နှင့် လှေငယ် ၅၀ ခန့်တွင်ရေလုပ်သား နှစ်ထောင်ခန့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းလျက် ရှိပြီး လှေငယ် တစီးတွင် ရေလုပ်သား သုံးဦးမှ ခုနစ်ဦးထိ ပါဝင်သည်။
ငါးဖမ်း စက်လှေငယ်တစီး ပင်လယ်ပြင် တခေါက် ထွက်ရန်အတွက် ကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေ ၃၀,၀၀၀ ခန့် ရှိပြီး ငါးဖမ်းရက် နည်းပါးခြင်းနှင့် ရာသီဥတု မသာယာပါက အရှုံးပေါ်နိုင်သည့်အတွက် ငါးဖမ်းလုပ်ငန်း များကို ခေတ္တ ရပ်နားထားရဖွယ် ရှိကြောင်းလည်း ရေလုပ်သားများက ပြောသည်။
အကယ်၍ သဲတူးဖော်ခြင်း လုပ်ငန်းကို ရပ်တန့်လိုက်ပါက နောင် သုံးနှစ်ခန့်တွင် ယခင် ငါးဖမ်းနေရာများ၌ ပြန်လည် ဖမ်းဆီးနိုင်မည် ဖြစ်သည့်အတွက် ကုန်ကျစရိတ် သက်သာဖွယ် ရှိသည်ဟု ဆိုသည်။