ရွှေ့ပြောင်းအလုပ်သမား ယာယီပတ်စ်ပို့နှင့် မှတ်ပုံတင်အရေး ဒေါ်စုဆွေးနွေးခဲ့

ရွှေ့ပြောင်းအလုပ်သမား ယာယီပတ်စ်ပို့နှင့် မှတ်ပုံတင်အရေး ဒေါ်စုဆွေးနွေးခဲ့
by -
မဇ္ဈိမ

ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်စ်ပို့ စျေးနှုန်းမှန်ရေးနှင့် အလုပ်သမား မှတ်ပုံတင် မရသေးသူများကို လုပ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က မဟာချိုင်ရှိ ယာယီပတ်စ်ပို့ရုံး၌ ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်စ်ပို့ စျေးနှုန်းမှန်ရေးနှင့် အလုပ်သမားမှတ်ပုံတင် မရသေးသူများကို လုပ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က မဟာချိုင်ရှိ ယာယီပတ်စ်ပို့ရုံး၌ ပြောဆို (ဓါတ်ပုံ မဇ္စျိမ)
ကြာသပတေးနေ့ ညနေ ၄ နာရီကျော်တွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အများစု နေထိုင်နေသော ဆမွတ်ဆာခွန် ခရိုင် မဟာချိုင်ရှိ မြန်မာအလုပ်သမားများအား ဒုတိယနေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းအလုပ်သမား ဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ်၊ မဟာချိုင်ရှိ ယာယီပတ်စပို့ရုံးမှ ဒုရဲမင်းနှင့် ထိုင်းခရိုင်မှူးတို့နှင့်လည်း ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားနှင့်  ပြန်လည်တွေ့ဆုံခဲ့သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်မှ ကိုဇေက ပြောသည်။

“မနေ့က ကျနော်တို့ ပြောပြတဲ့ အချက်လက်ရှိ မှတ်ပုံမတင်ရသေးတဲ့ အလုပ်သမားတွေကို မှတ်ပုံတင်ပေးဖို့၊ တင်ပြီးတဲ့ လူတွေကိုလည်း ပတ်စပို့လုပ်ပေးဖို့၊ နောက်တချက်က ပတ်စ်ပို့စျေးနှုန်းမှန် ဖြစ်ပေါ်ရေးကို ပြုပြင်ပေးဖို့ အလုပ်သမား ဒုဝန်ကြီးနဲ့ ဆွေးနွေးတာတွေ ပြန်ပြောပြတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားများသည် ယာယီပတ်စ်ပို့အတွက် ပုံမှန်အားဖြင့် ဘတ် ၄,ဝဝဝ ခန့်သာ ကုန်ကျမည်ဖြစ်သော် လည်း ပွဲစားခများ ပေးနေရသဖြင့် ဘတ် ၆,ဝဝဝ ထိ ကုန်ကျနေရသည်ဟု ကိုဇေက ပြောသည်။

ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများ မြန်မာပြည်သို့ ပြန်လာနိုင်ရန် ကြိုးစားနေကြောင်းနှင့် ပြန်လာလျှင် အလုပ်အကိုင် ရှိရေးအတွက် ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က လေးမိနစ်ခန့်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား အလုပ်သမား ၃,ဝဝဝ ခန့်က အိုးစည် ဗုံမောင်းများဖြင့် ကြိုဆိုကာ “ဒေါ်အေင်ဆန်းစုကြည် ကျန်းမာပါစေ”၊ “အလုပ်သမား တန်းတူအခွင့်အရေး ရရှိရေး”များကို စာတမ်းများ ကိုင်ဆောင်ကြသည်ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က ရသင့်ရထိုက်တဲ့ အလုပ်သမား အခွင့်အရေးတွေကို ပြောတယ်။ ဘတ်မရှိတဲ့လူ ဘတ်ရှိအောင် ရရှိရေး၊ ပတ်စပို့ရှိပြီးသား လူတွေကို စျေးနှုန်းသက်သာဖို့ အဆင်ပြေဖို့အရေးတွေ ပြောသွားတယ်။ ပွဲစားခ၊ ကားခဆိုပြီး ပိုပေးနေရတယ်။ ဒါကြောင့် ခုလိုဒေါ်အောင်ဆန်းစုကြည်လာ ပြောတော့ အများကြီး အားရကျေနပ်ပါတယ်” မဟာချိုင်မှ ရွှေ့ပြောင်းအလုပ်သမား ကိုအောင်လင်းက ပြောသည်။

ထို့ပြင် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ မဟာချိုင်ခရီးစဉ်အတွက် ထိုင်းလုံခြံုရေးရဲ ၁ဝဝ ကျော်သာ ရှိသော်လည်း ယနေ့တွင် ထိုင်းလုံခြံုရေး ရဲ အယောက် ၅ဝဝ ခန့် ချထားပေးသည်ဟု ကိုဇေက ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းခန့်ရှိသည့်အနက် တရားဝင်မှာ ရှစ်သိန်းကျော် ဖြစ်ကြောင်းနိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ MOI နှင့် အလုပ်သမားရေးရာ အဖွဲ့ချုပ်များက ခန့်မှန်းထားသည်။

ညနေ ၅ နာရီဝန်းကျင်တွင် မဟာချိုင်မှ ဘန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာသွားသည်ဟု သိရသည်။

ဗုဒ္ဓဟူးနေ့ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်ရုံး ဝရန်တာပေါ်မှ အလုပ်သမားများ အတွက် ဥပဒေဘောင်အတွင်းမှ ကူညီပေးသွားမည်ဟု မိန့်ခွန်းပြောကြားခဲ့သည်။

ထို့ပြင် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း ခံရသည့် အမျိုးသမီးများ၊ လုပ်အားခ ခေါင်းပုံဖြတ်မှုခံရသည့် အလုပ်သမားများ၊ ရောင်းစားခံရသည့် အလုပ်သမားများ၊ လုပ်ငန်းခွင် အတွင်း၌ ကိုယ်လက်အင်္ဂါ ဆုံးရှူံးသွားသည့် အလုပ်သမားများဖြစ်ပြီး စုစုပေါင်း အယောက် ၃ဝ ခန့်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကာ အားပေးစကား ပြောခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့ သောကြာနေ့ နံနက်ပိုင်း ၈ နာရီခွဲမှ ၉ နာရီထိ ၂ဝ၁၂ ခုနှစ် ကမ္ဘာ့စီးပွားရေး ညီလာခံတွင် အာရှအမျိုးသမီးများနှင့်ပတ်သက်၍ မိန့်ခွန်း ပြောကြားရန်ရှိကြောင်း သိရသည်။

ဇွန် ၂ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည် စခန်းသို့ သွားရောက်မည် ဖြစ်ပြီး ထိုခရီးစဉ်အတွင်း မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင်၏ မယ်ထော် ဆေးခန်းသို့ သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်နေ သည်။

Most read this week