ရွှေ့ပြောင်းအလုပ်သမားများအရေး ဒေါ်စုဆွေးနွေး

ရွှေ့ပြောင်းအလုပ်သမားများအရေး ဒေါ်စုဆွေးနွေး
by -
မဇ္ဈိမ

မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အလုပ်သမား ဥပဒေဘောင်အတွင်းမှ ကာကွယ်ပေး သွားမည်ဟု ထိုင်းနိုင်ငံသို့ ခေတ္တရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဟူးနေ့နံနက် ၁ဝ နာရီ (၃ဝ) မိနစ်ခန့်တွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေး ကွန်ယက်ရုံး ဝရန်တာ ပေါ်မှနေ၍ လာရောက် ကြိုဆိုသည့် အလုပ်သမားများအား မိန့်ခွန်း ပြောကြားခဲ့ပါသည်။

Suu-Kyi-in-Mahachai-Thailand-1

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မေလ ၃၀ ရက်နေ့ နံနက် ၁၀း၃၀ ခန့်က မဟာချိုင်မြို့ရှိ အလုပ်သမားအခွင့်အရေး ကွန်ယက်ရုံး၌ မိန့်ခွန်းပြောကြား နေစဉ်။ (ဓါတ်ပုံ - မဇ္စျိမ)

“ကျမ ဒီကိုလာတာ အလုပ်သမားတွေရဲ့ အခြေအနေကို သိချင်လို့ လာတာပါ။ ဒီအခြေအနေတွေ ဘယ်လို ကောင်းအောင် လုပ်ပေးနိုင်မလဲလို့ လာရောက် ကြည့်ရှုခြင်းပဲ ဖြစ်ပါတယ်။ ကျမတို့အဖွဲ့က နေပြီး ရွှေ့ပြောင်း အလုပ်သမား တွေတင် မကဘူး အလုပ်သမားတွေ အားလုံးရဲ့ အခွင့်အရေးတွေကို တတ်နိုင်သမျှ ကျမတို့က ဥပဒေ ဘောင်အတွင်း က စောင့်ရှောက်သွားမယ်” ဟု ပြောကြားသွားသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိနေသော
ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၉ နာရီခွဲခန့်ကလည်း အလုပ်သမားများနှင့် တရင်းတနှီး စကားခဲ့သေး ကြောင်း ကွန်ယက်ရုံးမှ တာဝန်ရှိသူ ဦးတိုး က ပြောသည်။

နံနက် ၉ နာရီခွဲခန့်ကလည်း အလုပ်သမားများနှင့် တရင်းတနှီး စကားခဲ့သေးကြောင်း ကွန်ယက်ရုံးမှ တာဝန်ရှိသူ ဦးတိုး က ပြောသည်။

“အဓိကကတော့ အလုပ်သမား ဥပေဒပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖြစ်တယ်။ ဒေါ်စု အကြံပေး ပြောတာက အလုပ်သမားတွေက အလုပ်သမားဥပဒေကို သဘောပေါက် နားလည်မှု အားနည်းတယ်။ အဲဒါကို သိအောင် လုပ်ရမယ်။ သူ့အနေနဲ့လည်း အခု ရရှိတဲ့ အချက်အလက်တွေကို ထိုင်းသက်ဆိုင်ရာ အာဏာပိုင်တွေဆီကို တင်ပြပေးသွား မယ်လို့ ပြောတယ်” ဟု ဦးတိုး က မဇ္စျိမကို ပြောသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည် လက်ခံ တွေ့ဆုံခဲ့သည့် အလုပ်သများမှားမှာ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း ခံရသည့် အမျိုးသမီးများ၊ လုပ်အားခ ခေါင်းပုံဖြတ်မှု ခံရသည့် အလုပ်သမားများ၊ ရောင်းစားခံရသည့် အလုပ်သမားများ၊ လုပ်ငန်းခွင် အတွင်း၌ ကိုယ်လက်အင်္ဂါ ဆုံးရှူံးသွားသည့် အလုပ်သမားများဖြစ်ပြီး စုစုပေါင်း အယောက် ၃ဝ ခန့်နှင့် တွေ့ဆုံကာ အားပေးစကား ပြောခဲ့ကြောင်း ဦးတိုး က ပြောသည်။

ဒေါ်အောင်ဆန်း စုကြည်သည် မဟာချိုင်သို့ နံနက် ၉ နာရီ ခန့်တွင် ရောက်ရှိခဲ့သည်။ တလာတ်ကွန်း (ပုဇွန်စျေး) တလျှောက်၌ သူ့အား ကြိုဆို နေကြသည့် အလုပ်သမားထုအား ကားပေါ်မှပင် နှုတ်ဆက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် မဟာချိုင် - ဝီလ လမ်းတလျှောက်၌ မြန်မာ့ရွှေ့ပြောင်း အလုပ်သမားများ သောင်းဂဏန်း ဝန်းကျင်ခန့် လာရောက် ကြိုဆိုကြကာ လမ်းတလျှောက် ပိတ်ဆို့သွားခဲ့သည်။ ရွှေ့ပြောင်း အလုပ်သမားရုံးသို့ ရောက်ရှိပြီးနောက် သူ့အား ကြိုဆိုသည့် လူအုပ်အား မထိန်းနိုင်သဖြင့် ရုံးအောက်ထပ်ရှိ သံဘာဂျာ တံခါးအား ပိတ်ချ ခဲ့ရသည်။

“ဒေါ်စု လာတယ်ဆိုလို့ ကျနော်တို့ သူငယ်ချင်းတွေ စုပြီး သွားကြည့်ကြတယ်။ တချို့တွေဆိုရင် အလုပ်ဖျက်ပြီး သွားကြတယ်။ နေရာရဖို့ မနက် ၈ နာရီကတည်းက ကျနော် သွားတာ။ ဒေါ်စုကို တွေ့တော့ ကြည်နူးတာရယ်၊ ဝမ်းသာတာရယ်ကြောင့် ရင်ထဲမှာ ဆို့ဆို့လာတယ်။ မျက်ရည်တောင် ဝဲမိတယ်။ ကျနော့်အနေနဲ့ မပြောပြတတ် ပေမယ့် ကျနော်တို့ အလုပ်သမားတွေအတွက် ဒေါ်အောင်ဆန်းစုကြည် တခုခု လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု Thai Union စက်ရုံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာ အလုပ်သမားတဦး ဖြစ်သူ ကိုကျော်ဇင်ဦးမှ ပြောပြသွား ပါသည်။

ဤခရီးစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ လုံခြံုရေး တာဝန်ခံ ဦးခွန်သာမြင့်မှာ မေလ ၂၇ ရက်နေ့ကတည်းကပင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး ၂၈ ရက်နေ့၌ အလုပ်သမား အခွင့်အရေး ရုံး၌ အစည်းအဝေး ပြုလုပ်ကာ ဒေါ်အောင်ဆန်း စုကြည်၏ မဟာချိုင် ခရီးစဉ်အတွက် အစီအစဉ် ဆွဲခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်း စုကြည်၏ မဟာချိုင် ခရီးစဉ်အတွက် သက်ဆိုင်ရာ နယ်မြေခံရဲမှ ၁၅ဝ ကျော်ခန့် လုံခြံုရေး အတွက် ပါဝင် ကူညီပေးခဲ့သည်။

အလုပ်သမားများအား ညီညီညွတ်ညွတ် နေထိုင်ကြရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားသွားကာ နံနက် ၁၁ နာရီ ခန့်တွင် မဟာချိုင်မှ ပြန်လည် ထွက်ခွာ သွားသည်။

မဟာချိုင်မြို့၊ ဆမုတ်ဆာခွန် ခရိုင်သည် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်း အလုပ်သမား အများဆုံး နေထိုင်သည့် မြို့တမြို့လည်း ဖြစ်သည်။ အလုပ်သမား အခွင့်အရေး ကူညီဆောင်ရွက် ပေးရေးအဖွဲ့များ၏ စာရင်း ဇယားများ အရ ရွှေ့ပြောင်း အလုပ်သမား ဦးရေမှာ ၂၀၀,၀၀၀ ဝန်းကျင်မှသည် ၄ဝဝ,ဝဝဝ ဝန်းကျင်ခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။

Most read this week