ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ကရင် ဘာသာရေး ခေါင်းဆောင်များက ဦးစီးပြီး ကရင် လက်နက်ကိုင် အဖွဲ့အချင်းချင်း ပြန်လည် ပစ်ခတ်မှု မဖြစ်ရန် ဂတိဂဝတ် တောင်းသည့် ဆွေးနွေးပွဲ တရပ်ကို ယမန်နေ့၌ ကရင်ပြည်နယ် လှိုင်းပွဲမြို့နယ်ရှိ ကေအန်ယူ တပ်မဟာ (၇)နယ်မြေတွင် ကျင်းပခဲ့ပါသည်။
ယင်းဆွေးနွေးပွဲသို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူအဖွဲ့)၊ ကလို့ထူးဘောအဖွဲ့ (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့ (ဟောင်သရော) အဖွဲ့တို့ ပါ၀င်ပြီး မလေးရှားနှင့် သြစ တြေလျားရောက် ကရင်အဖွဲ့၊ ဒုက္ခသည်စခန်းနှင့် စိတ်ဝင်စား သူများအင်အား (၇၀) ခန့် တက်ရောက် ခဲ့ပါသည်။
“ အဓိကကတော့ ကရင် လက်နက်ကိုင် အဖွဲ့အချင်းချင်း ပြန်လည် မပစ်ခတ်ကြဖို့ ဘာသာရေးခေါင်းဆောင် တွေက ဂတိဂဝတ် တောင်းတဲ့ပွဲပါ။ အဲဒီ အဆိုကိုလည်း ဘယ်အဖွဲ့ကမှ မငြင်းခဲ့ပါဘူး။ လက်ခံကြပါတယ်။ ဒါပေမဲ့ လက်မှတ်ထိုးတာ တို့ ဘာတို့တော့ မရှိပါဘူး။ အခုတက်ရောက်လာတဲ့ ခေါင်းဆောင်တွေက အလယ်အလတ် ခေါင်းဆောင်တွေဘဲဆိုတော့ နောက်ပွဲတွေမှာဘဲ လက်မှတ်ထိုးနိုင်မဲ့အဆင့် ရောက်မယ် ။ အခုပွဲက ပဏာမပွဲလို့ပြောလို့ရပါတယ်”ဟု အစည်းအဝေးကို တက်ရောက်ခဲ့သည့် ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်မှူးစောလုံ့လုံက ဆိုပါသည်။
ပါ၀င် ဦးဆောင်ကြသော ကရင်လက်နက်ကိုင် အဖွဲ့အစည်း များမှာ ကေအန်ယူမှ အတွင်းရေးမှူး (၁) ပဒိုစောလှငွေ၊ ကလို့ ထူးဘောမှ ဗိုလ်မှူးလုံ့လုံ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီမှ စစ်ထောက် ချုပ် စောယဉ်နု၊ BGF မှရွှေက္ကိုကွပ်ကဲရေး အကြံပေး အဖွဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့် နှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့မှ ဗိုလ်မှူး ဖါးသတားတို့ ဦးဆောင်ပြီး တက်ရောက်ခဲ့ပါသည်။
ဤဆွေးနွေးပွဲသည်၊ ကရင်လက်နက်ကိုင် အဖွဲ့အချင်းချင်း ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး ဦးသုဇနအပါ၀င်က ရင်ဗုဒ္ဓဘာသာ ဆရာတော်များနှင့် ကရင်ခရစ်ယာန် ဆရာတော်များက ဦးစီးကျင်းပသည့် ပထမဆုံး အကြိမ်ကရင် လက်နက် ကိုင်အဖွဲ့တွေ့ဆုံပွဲဖြစ်ပါသည်။
ကရင်လက်နက်ကိုင် အဖွဲ့မှ အဆင့်မြင့်ခေါင်းဆောင်များ ပါ၀င်သော ဆွေးနွေးပွဲကို ထပ်မံကျင်းပ ဦးမည်ဟု သိရပါသည်။ ထိုဆွေးနွေးပွဲ၌ ကရင်လက်နက်ကိုင်အချင်း ပြန်လည် ပစ်ခတ်မှုမဖြစ်ရေး သဘောတူညီချက်ရရန် ကြိုးစားကြမည်ဟု ဆွေးနွေးပွဲ တက်ရောက်သူများက မူအရသဘောတူကြပါသည်။
ကေအန်ယူသည် ပင်မအဖွဲ့အစည်းဖြစ်ပြီး ကျန်သည့်အဖွဲ့များသည်၊ ကေအန်ယူမှ ခွဲထွက်ခဲ့ကြသော အဖွဲ့များဖြစ်ပါသည်။ ဒီကေဘီအေ အဖွဲ့သည် (၁၉၉၄) ခုနှစ်တွင်လည်းကောင်း၊ ဟောင်သရောအဖွဲ့သည် (၁၉၉၆) ခုနှစ်တွင် လည်းကောင်း ကရင် ငြိမ်းချမ်းရေးကောင်စီသည်၊ (၂၀၀၇) ခုနှစ်တွင်လည်း ကောင်း၊ အသီးသီး ခွဲထွက်ခဲ့ကြပါသည်။