ငြိမ်းချမ်းရေးအတွက် အခြေခံဥပဒေပြင်ဖို့ ငြိမ်းကော်မတီအား လူထုပြော

ငြိမ်းချမ်းရေးအတွက် အခြေခံဥပဒေပြင်ဖို့ ငြိမ်းကော်မတီအား လူထုပြော
by -
မဇ္ဈိမ

အဓိက လိုလားချက်ဖြစ်သော ငြိမ်းချမ်းရေးအတွက် အခြေခံဥပဒေပါ အချက်အချို့အား ပြင်ဆင်ပေးရန် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီအား ကချင်ပြည်သူလူထုမှ တင်ပြဆွေးနွေးကြကြောင်း သိရသည်။

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ နယ်လှည့်ခရီးစဉ်အား ဦးဆောင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် (ဓါတ်ပုံ မဇ္စျိမ)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်ဦးဆောင်သည့် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီသည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းသို့ သွားရောက်ခဲ့ပြီး ပြည်သူများ၏ အခက်အခဲများ၊ အစိုးရအဖွဲ့၏ အခက်အခဲများကို လေ့လာခဲ့ခြင်းဖြစ်သည်။

“လူထုကတော့ အဓိက ငြိမ်းချမ်းရေးအကြောင်း ပြောကြတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး constitution ထဲက အချက်တွေ ပြင်သင့်တဲ့ကိစ္စတွေ ဆွေးနွေးဖြစ်ကြတယ်။ အစိုးရအဖွဲ့အနေနဲ့လည်း သူ့ဒေသက လူထုအတွက် လုပ်ကိုင် ပေးချင်ပေမယ့် သူတို့အတွက် ခက်ခဲနေတဲ့ အခြေအနေတချို့ကိုလည်း တင်ပြကြတယ်” ဟု ကော်မတီအတွင်းရေးမှူးဒေါ်ဒွဲဘူ က ဆွေးနွေးခဲ့သည်များကို ပြန်လည် ပြောပြသည်။

သို့သော် ဆွေးနွေးချက် အသေးစိတ်ကိုမူ မသိရှိရပေ။

ဦးသိန်းဇော် ဦးဆောင်သည့် ကော်မတီတွင် အဖွဲ့ဝင် ရ ဦး ရှိသော်လည်း မေလ ၂၅ ရက်နေ့တွင် ကချင်ပြည်နယ်သို့ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒေါ်ဒွဲဘူနှင့် ကော်မတီဝင်တဦးတို့သာ သွားရောက်ခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့နှင့် သီးသန့် တွေ့ဆုံခဲ့သည်။

မေလ ၂၆ ရက်နေ့တွင် ပြည်နယ်လွှတ်တော်အဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

“၂၉ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီးကို သွားမယ်။ အဲဒီမှာလည်း အရင် ခရီးစဉ်တွေလိုပဲ အစိုးရအဖွဲ့ရယ် လွှတ်တော်အဖွဲ့ရယ် မြို့မိမြို့ဖတွေရယ် တွေ့ကြမှာပေါ့” ဟု အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဒွဲဘူ က မဇ္စျိမကို ပြောသည်။

အဆိုပါ ကော်မတီသည် မန္တလေးတိုင်းမှ ချင်းပြည်နယ် ဟားခါးမြို့သို့ ဆက်လက် သွားရောက် လေ့လာမည်ဖြစ်ပြီး ထိုမှတဆင့် နေပြည်တော်တွင် ခရီးစဉ် ပြီးဆုံးမှာ ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်မှ ဖွဲ့စည်းထားသည့် ဦးစိုင်းပေါင်းနပ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ သည်လည်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ လေ့လာရေးခရီး သွားရောက်နေပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ တဆင့် နေပြည်တော်တွင် ခရီးစဉ် ပြီးဆုံးမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ဖွဲ့စည်းထားသည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးပေါင်းကော်မတီသည် မေလ ၂၂ ရက်မှ စတင်၍ ပြည်နယ်နှင့် တိုင်းများသို့ လေ့လာရေး ခရီးများ စတင် ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

Most read this week