ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်းနေကြရသည့် ဒုက္ခသည် ကလေးများအတွက် ယာယီစာသင်ကျောင်းများ တည်ဆောက်ပေးလျှက်ရှိကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်စခန်းများရှိ ကလေးငယ်များ ပညာဆက်လက်သင်ကြားနိုင်ရန် ဒုက္ခသည်စခန်းကော်မတီတို့က ဦးဆောင်ပြီး ယာယီစာသင်ကျောင်းများ ကို တည်ဆောက်ပေးနေခြင်းဖြစ်ကြောင်း ကချင်စစ်ပြေးဒုက္ခသည်ကော်မတီ ဥက္ကဌ ဒူကမ္ဘာ့ဒွဲပီဆာက ပြောသည်။
၎င်းက “ကျောင်းဖွင့်ဖို့ အခုဆို ကျနော်တို့ ကျောင်းဆောက်တာတို့၊ ကျောင်းသားစာရင်းကောက်တာတို့ လုပ်နေပါတယ်။ ကလေးတွေ ပညာသင်ကြားနိုင်ဖို့ မဖြစ်ဖြစ်အောင်တော့ လုပ်ဆောင်နေပါတယ်။” ဟု ပြောဆိုသည်။
ယာယီစာသင်ကျောင်းများ တည်ဆောက်ရာတွင် မူလတန်းနှင့် အလယ်တန်းအတွက် ကျောင်းများကို စစ်ဘေးလွတ်ကင်းပြီး လုံခြံုမှုရှိသည့် သင့်တော်ရာနေရာကို ရွေးချယ်တည်ဆောက်ထားသည်ဟု ကချင်စစ်ပြေးဒုက္ခသည်ကော်မတီက ဆိုသည်။
လက်ရှိအခြေအနေတွင် KIA ထိန်းချုပ်နယ်မြေတစ်ခုလုံးအတွင်း ဒုက္ခသည်စခန်းပေါင်း ၅၀ နှင့်အထက် ရှိပြီး ဒုက္ခသည်ဦးရေပေါင်း ၅ သောင်းကျော်ရှိနေပြီဖြစ်သည်ဟု ဒူကမ္ဘာ့ ဒွဲပီဆာက ဆက်ပြောသည်။
ဒုက္ခသည်စခန်းအတွင်းတွင် ကျောင်းတက်ရန်အတွက် လတ်တလော ကောက်ခံရရှိသည့် စာရင်းအရ ကျောင်းနေအရွယ် ကလေးငယ်ပေါင်း သောင်းချီရှိနေပြီး စာသင်ကျောင်းဆောက်လုပ်ပြီးသည်နှင့်တပြိုင် နက် စတင်စာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
KIA ထိန်းချုပ်နယ်မြေထဲ၌ စစ်ပြေးဒုက္ခသည်ဦးရေ ဆက်လက်တိုးပွားနေချိန်တွင် နိုင်ငံတကာ အလှူရှင်များ ထံမှ အကူအညီမရရှိဘဲ KIA နှင့် စခန်းတွင်းရှိ ဒုက္ခသည်စခန်းကော်မတီတို့၏ ကူညီထောက်ပံ့မှုဖြင့်သာ မှီခိုနေရသဖြင့် အစားအသောက်နှင့် ဆေးဝါးအကူအညီများ လိုအပ်လျှက်ရှိသည်။
“UN လာဖို့ အစီအစဉ်ရှိတယ်။ ဒါပေမယ့် လောလောဆယ် ခွင့်ပြုချက်မရသေးလို့။ သူတို့က လာကူညီတယ် ဆိုတာကလည်း သူတို့ကားရောက်နိုင်တဲ့ နယ်စပ်တလျှောက်ပဲ ရောက်တယ်။ တခြားနေရာတွေမှာ သူတို့ မရောက်နိုင်ဘူး။”ဟု ဒူကမ္ဘာ့ ဒွဲပီဆာက ပြောသည်။
ကချင်ဒုက္ခသည်များသည် တရုတ်-မြန်မာနယ်စပ်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုင်ဂျာယန်၊ လိုင်ဇာ စသည့် ဒေသများတွင် အခြေချနေထိုင်ကြရပြီး အချို့ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။။
မြန်မာအစိုးရနှင့် ၁၇နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သည့် KIA သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဇွန်လမှစပြီး အပစ်ခတ်ရပ်စဲရေးပျက်ပြားကာ နှစ်ဖက်တိုက်ခတ်မှုများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ကချင်လူထု သောင်းနှင့်ချီကာ စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်မှာ ယခုချိန်အထိ ဖြစ်သည်။