သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ကျေးလက်တောရွာများနေ ဒေသခံလူငယ် လူကြီး ယောက်ျား မိန်းမ ဘုန်းကြီးများပါမကျန် ယာဘ၊ မူးယစ်ဆေး စွဲမိစွဲမှန်းမသိဘဲ သုံးစွဲနေကြကြောင်း သျှမ်းပြည်မြောက် ပိုင်းသတင်းရပ်ကွက်က ဆိုပါသည်။
“လူကြီးလူငယ်၊ အမျိုးသမီးတွေပါမကျန်သုံးတယ်။ အလှူပြုတဲ့အိမ်၊ သာရေးနာရေးတွေမှာ ရေနွေးကြမ်း ဝိုင်းတည် သလိုတည်ခင်းတယ်။ အများအားဖြင့် လူတွေက ဒါအလုပ်လုပ်ချင်တဲ့စိတ်ရှိအောင်သောက် တဲ့ဆေး၊ အမောပျောက်ဆေး လို့ဘဲသိကြတယ်။ ဒါကြောင့် သောက်ကြတယ်” ဟု လားရှိုးရောက် မန့်ပိန်းအုပ်စုဒေသခံ စိုင်းညွန့် ကပြောသည်။
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၏ အရှေ့မြောက်ဘက်ရှိ ကျေးလက်ဒေသများ၌ ယာဘကို ဖောဖောသီသီ သုံးစွဲ နေကြ သဖြင့် အနိုင်ရ နိုင်ငံရေးပါတီများအား ဤအချက်ကို လွှတ်တော်၌ တင်ပြပေးစေလိုကြောင်း၊ အဆိုးဆုံးမှာ (--- ကျောင်းတိုက် အမည်မဖေါ်လို) ကျောင်းထိုင်ဘုန်းကြီးအချို့ပါမကျန် သုံးစွဲသဖြင့် ရွာသား ၂ ယောက် အလှည့်ကျသွားရောက်စောင့်ဆိုင်း ပေးနေရကြောင်း စိုင်းညွန့်ကပြောသည်။
“ ကျောင်းထိုင်ဘုန်းကြီးတောင်မှ ယာဘသုံးတယ်။ ကျောင်းသုံးပစ္စည်းတွေထုတ်ရောင်းပြီး ဝယ်သုံးတယ်။ ရွာက ကိုးကွယ်တဲ့ ဘုန်းတော်ကြီးမို့လဲ ဘယ်သူမှမပြောရဲဘူး။ ရှေးဟောင်း ဘုရားဆင်းတု တော် တွေ ထုတ်ရောင်းမှာ စိုးလို့ တရက်မှာ ရွာသား ၂ ယောက် အလှည့်ကျ သွားစောင့်ရတယ်။ သုံးနေမှန်း အာဏာပိုင်တွေ သိရင်ဖမ်းတယ် လို့ တော့သိတယ်။ သုံးပြီးရင်ဆိုးကျိုး က ဘာတွေဖြစ်မလဲ၊ ကျန်းမာရေး အတွက် ဘယ်လို ထိခိုက်မလဲဆိုတာ တွေ လုံးဝမသိဘူး။ ကာကွယ်နှိမ်နှင်းရေးအတွက် ပညာပေးတဲ့ အဖွဲ့လဲမရှိတော့ အရမ်းကိုဆိုးရွားနေတဲ့အခြေ အနေပေါ့နော်။ ဒါကြောင့် နဲနဲအသိပညာကြွယ်ဝတဲ့ လူတွေက ဒီကိစ္စ ဖြေရှင်းပေးဖို့ လွှတ်တော်အမတ်တွေကို ကြောင်းကြားချင်နေကြတယ်” - ဟု လားရှိုးမြို့ခံကုန်သည် တဦးလည်းဖြစ် ပညာတတ်တဦးလည်းဖြစ်သည့် နန်းခမ်းက ပြောပါသည်။
ယာဘ များကို သုံးစွဲနေကြသော ရွာများမှာ လားရှိုးမြို့ အရှေ့မြောက်ဖက် ပန်စုံရွာ၊ ကုန်းဆာအုပ်စု၊ မတ်ချိနူအုပ်စု ၊ မန့်မွန်းရွာ၊ ခွန်နို့အုပ်စု၊ မန့်ပိန်းအုပ်စု၊ မိန်းပါးရွာ၊ တာယောဝ်၊ မိုင်းယန်း မှမိုင်းယော် တိုက်နယ်၊ မိုင်းဟက်အုပ်စု ဒေသအထိ ပြည်သူ့စစ်အသွင်ပြောင်း KDA အဖွဲ့ ထိန်းချုပ် နယ်မြေနှင့် မန့်ပန်ဌာနေပြည်သူ့စစ် ဗိုလ်မွန်းထိန်းချုပ်နယ်မြေအတွင်းမှ ဒေသခံများဖြစ်ကြ သည်။
အဆိုပါဒေသသည် ၂၀၀၅ က သျှမ်းပြည်တပ်မတော် အပစ်ရပ် စဝ်ကန္န မှ မြန်မာစစ်တပ်ထံ လက်နက်ချပြီး နောက်ပိုင်း ဘိန်းခြံတိုးများလာ သကဲ့သို့ သကဆဖ (ဗိုလ်မွန်းပြည်သူ့စစ်အဖွဲ့) နှင့်ပတ်သက်သော တရုတ် လော ပန်းများ၏ ရော်ဘာ၊ လိုင်ချီး၊ သရက် နှင့် အခြားစိုက်ပျိုးရေးလုပ်ငန်းများ၌ အလုပ်သမားများအား ယာဘတိုက် ကျွေးမှုကြောင့် ဆေးစွဲသည့်လူငယ်များ တိုးများလာခြင်းဖြစ်သည်။ သာရေးနာရေးပွဲများ၌ပါယာ ဘမဝေငှပါက ကူညီချက်ပြုတ်ပေးမည့်သူမရှိဟု လည်း၎င်းကပြောပါသည်။