KIO နဲ့ တပ်သားသစ် စုဆောင်းရေး

KIO နဲ့ တပ်သားသစ် စုဆောင်းရေး
by -
သတင်းနှင့်မီဒီယာကွန်ယက်

အစိုးရတပ်နဲ့ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့တို့ (၁၇) နှစ်တာ အပစ်အခတ် ရပ်စဲခဲ့ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတာ အချိန် တနှစ်နီးပါး ကြာမြင့်ခဲ့ပါပြီ။ အခုလို အခြေအနေမှာ KIA က အင်အားသစ် စုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေ ဒေသထဲမှာ ထွက်ပေါ်နေခဲ့ပါတယ်။

nmg-kachin-army

မေလဆန်းပိုင်းကစလို့ ကချင်ပြည်နယ် ၀ုိင်းမော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စုဆောင်းနေကြ ပြီးတော့ ကြမ်းတမ်းတဲ့ အပြုအမူတွေ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ 

မေလ (၉) ရက်နေ့ည သန်းခေါင်ယံအချိန်က ၀ုိင်းမော်မြို့နဲ့ ငါးမိုင်လောက်ဝေးတဲ့ နမ့်ဝါ ကျေးရွာမှာ အမျိုးသား (၁၀) ယောက်နဲ့ အမျိုးသမီး (၃) ယောက်ကို KIA က စုဆောင်းရေး ခေါ်သွားသလို မေလ (၃) ရက်နေ့ညကလည်း ၀ုိင်းမော်မြို့ အရှေ့ဖက် (၇) မိုင်လောက် အကွာမှာ ရှိတဲ့ နောင်ဆီပေါ ကျေးရွာက (၁၇) ယောက်ကို ခေါ်သွားခဲ့ပါတယ်။

အဲဒီထဲမှာ အသက် (၁၃) နှစ်ကနေ (၁၅) နှစ် အရွယ်ရှိတဲ့ ကလေးတွေ ပါ၀င်ပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်လို့ KIO ရဲ့ တပ်သားသစ် စုဆောင်းရေး မူနဲ့ သဘောထားတွေကို မေလ (၁၁) ရက်နေ့က အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်နဲ့ မေးမြန်းထားတာပါ။

မေး။    ။ ၀ုိင်းမော် မြို့နယ်ထဲက ကျေးရွာ တချို့မှာ KIA က တပ်သားသစ် စုဆောင်း နေတယ်လို့ သိရပါတယ်။ အဲဒီကိစ္စ ဟုတ်မဟုတ်ဆိုတာ သိပါရစေ။

ဖြေ။    ။ “လူသစ်ပြန်ပြီးတော့ ခေါ်တာမျိုးတော့ ရှိတယ်ခင်ဗျ။ ဒါကလည်း အစိုးရစစ်တပ် တွေရဲ့ ထိုးစစ်ရဲ့ အကျိုးဆက်တွေပါ။ တကယ်လို့များ စစ်ပွဲတွေ ငြိမ်သွားမယ်၊ ထိုးစစ်တွေ လျော့သွားမယ်ဆိုရင် ဒီကိစ္စတွေက သူ့ဟာသူ ပြေပျေက်သွားမယ့် ကိစ္စတွေပါ။ ကျနော်တို့ အပစ်အခတ် ရပ်ဆိုင်းရေးလုပ်တဲ့ (၁၇) နှစ်တာ ကာလမှာ အဲလိုဟာမျိုးတွေ မရှိခဲ့ဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှာ သူတို့အနေနဲ့ ထိုးစစ်ကို မတရားလုပ်လာတဲ့အခါမှာ ကျနော်တို့ဖက်မှာ အင်အားတွေက လိုအပ်လာတယ်ခင်ဗျ။ အဲလိုမျိုးကျရင်တော့ တချို့ ဒေသတွေမှာ အဲဒီကိစ္စတွေက ဖြစ်မှာပဲ။ ဒါတွေက အခု ဒီဒေသမှာ ဖြစ််တဲ့ တိုက်ပွဲရဲ့ ပြင်းထန်မှု အခြေအနေရဲ့ အနိဌာရုံလို့ပဲ ပြောလို့ရမယ်။ ဒါကတော့ ငြိမ်းချမ်းရေး အဆင်ပြေသွားတဲ့အချိန်မှာ ဒီကိစ္စတွေ ပြေလည်သွားမှာပါ။”

မေး။    ။ KIA ရဲဘော်တွေက ညဖက် အချိန်မတော် အိပ်ခန်းတွေထဲ အထိ ၀င်ဆွဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကိစ္စ ဘယ်လို သဘောရပါသလဲ။

ဖြေ။    ။ “အခုကတော့ ဒီလိုမျိုး အိမ်အထိ ၀င်ပြီးတော့ ခေါ်သွားတယ်ဆိုတဲ့ ကိစ္စတွေက သူ့ရဲ့ နယ်မြေ အခြေအနေအရ ဖြစ်ပါလိမ့်မယ်။ ညဆိုတာကလည်း သူ့ရဲ့ အခြေအနေ အရပေ့ါဗျာ။ အဲဒီဖက်မှာ သူတို့က တပ်လုံခြံုရေးတွေ အများကြီး ထားထားတယ်ဆိုတော့ နေ့လည်း ဖြစ်နိုင်သလို ညလည်း ဖြစ်နိုင်တယ်။ အဓိကတော့ အင်အားက ဖြည့်ရမယ့် ပုံစံ ဖြစ်လာတော့ ရှေ့တန်းမှာ လက်တွေ့ အကောင်အထည်ဖော်တဲ့ လူတွေရဲ့ ကြံစည်မှုပဲ ဖြစ်ပါလိမ့်မယ်။” 

“နောက်ပြီး တခုက ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် သူတို့က KIO တပ်ဖွဲ့ဝင်တွေ ဖြစ်သွားတယ် ဆိုရင်တော့ KIO တပ်ဖွဲ့ဝင်တွေ ခံစားရတဲ့ အခွင့်အရေး တာဝန်ထမ်းဆောင်တဲ့ ၀န်ထမ်းတွေရဲ့ အခွင့်အရေး ရမှာပါ။”

“ဒါပေမယ့် စပြီးတော့ လူသစ် စုဆောင်းတဲ့ အခါမှာတော့ လူသစ်ရဖို့အတွက် လက်တွေ့ လုပ်တဲ့ ရဲဘော်တွေကနေပြီး ပြောဆိုတဲ့ စကားတွေ လုပ်တဲ့ အမူအယာတွေက ကြမ်းချင် ကြမ်းပါလိမ့်မယ်။ အဲဒီမှာ အရပ်သားတွေ အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒါက ရိုင်းစိုင်းတဲ့ အမြင် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အမှန်တကယ်ပဲ ဒီမှာ KIA ၀န်ထမ်း အနေနဲ့ တာဝန် ထမ်းဆောင်ပြီဆိုရင်တော့ သူတို့ကလည်း ဒီမှာ သူ့ရဲ့ ၀တ္တရားအရ၊ စည်းမျဉ်း စည်းကမ်း အရပဲ ဒီမှာက တာဝန် ထမ်းဆောင်ရမယ့် ဟာတွေ ဖြစ်တယ်။ မတရား စုဆောင်းထားတဲ့ ရဲဘော်တွေ ဖြစ်ပါတယ်ဆိုပြီးတော့ သူတို့ကို နှိမ်ပြီးတာ့ ဖိနှိပ်တာမျိုးတော့ မရှိပါဘူး။”

တဆက်တည်းမှာ အစိုးရနဲ့ နှစ်ဖက် တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အချိန်ကစလို့ ကချင်ပြည်နယ် အတွင်း မြို့ပေါ်ဒေသတွေမှာ အစိုးရတပ်က အင်အားသစ် စုဆောင်းတာတွေ ရှိခဲ့တယ်လို့ ဦးလနန်က ပြောပါတယ်။ ဒါကြောင့် KIO ဖက်ကလည်း အခုအချိန်မှာ လိုအပ်လာတဲ့ အတွက် ပြန်လည် စုဆောင်းရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

မေး။    ။ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ ကလေး အခွင့်အရေးဆိုင်ရာ CRC စာချုပ်မှာ အသက် (၁၅) နှစ်အောက် ကလေးတွေကို စစ်မှု ထမ်းခြင်း မပြုရလို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်မှု ထမ်း ဥပဒေမှာတော့ (၁၈) နှစ်အောက်ကို စစ်မှု မထမ်းရဘူးလို့ သတ်မှတ်ထားပါတယ်။ KIA ရဲ့ စစ်မှုထမ်း ဥပဒေကို ဘယ်လို သတ်မှတ် ထားပါသလဲ။

ဖြေ။    ။ “အသက်အရွယ်ကတော့ တာဝန်ထမ်းဆောင်နိုင်တဲ့ အရွယ်ပေ့ါ။ (၁၇)၊ (၁၈) နှစ် အထက်ပေ့ါ။ အသက်အရွယ်ရှိတဲ့သူဆိုရင်တော့ ယောကျာ်း မိန်းမ မရွေးပါဘူး။ လုပ်ရမယ့် ကိစ္စတွေပါ။ အဓိကတော့ ငယ်ရွယ်တဲ့ ကလေးကိစ္စတွေကတော့ စစ်ဆေးပြီးမှပဲ ငယ်ရွယ် တယ်ဆိုရင်တော့ ဒါက တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုချက် မရှိဘူးလေ။ နောက်ပြီးတော့ ကျန်းမာရေး အခြေအနေပေ့ါဗျာ။ ကျန်းမာရေးက လုံးဝ ဆိုးရွားနေတယ် ဆိုရင်တော့ ဒါလည်း ပြန်ပြီးတော့ လွတ်ပေးမှာပါ။ အဲဒီကိစ္စတွေက ဟိုမှာ အမှန်တကယ် စစ်ဆေး၊ မေးမြန်းပြီးလို့ ဟုတ်တယ်ဆိုရင်တော့ ဒါက ပြန်လွတ်မှာပါ။ ချက်ချင်းတော့ သူတို့ ပြန်လွတ်မှာ မဟုတ်ဖူး။ သူတို့ စခန်းကို ရောက်သွားပြီး မေးမြန်း စစ်ဆေးပြီးမှပဲ ဘောင်မဝင်တဲ့ လူတွေတော့ ပြန်ပြီးတော့ လွတ်မှာပါ။” 

“တချို့ကတော့ တာဝန် ထမ်းဆောင် သင့်တဲ့ သူဆိုရင်တော့ အချိန်အတိုင်းအတာ တခုအထိတော့ ပြည်နယ် အရေးကိစ္စ ဖြစ်တဲ့ အတွက်ကြောင့်မို့ ပြည်နယ်သူ၊ ပြည်သားတွေ အားလုံးက ပါ၀င်သင့်တဲ့ လုပ်ငန်းတွေ တတ်နိုင်တဲ့ အပိုင်းကနေပြီးတော့ တာဝန် ထမ်းဆောင်ဖို့ တာဝန်ရှိတယ် ခင်ဗျ။”

မေး။    ။ စစ်မှုထမ်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ KIO က ဘယ်လို မူတွေ ချမှတ်ထားပါသလဲ။

ဖြေ။    ။ “မူမှာကတော့ ကျနော်တို့က ပြည်နယ်သား အားလုံး လုပ်ရမယ်ဆိုတဲ့ စာရွက်ပေါ်မှာ ရေးထားတဲ့ မူတော့ မရှိဘူး။ ဒါပေမယ့် အခုလိုမျိုး အချိန်ပိုင်းမှာ အဲလို သဘောတရားက ပြန်ပြီးတော့ ပေါ်လာရမယ့် အခြေအနေ ဖြစ်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု လုပ်တဲ့ ထိုးစစ်တွေက မြောက်ပိုင်းတိုင်းမှာ ရှိတဲ့ တပ်တွေသာမက တနိုင်ငံလုံးမှာ ရှိနေတဲ့ တပ်တွေ အလုံးအရင်းနဲ့ ဖြည့်နေတယ်။ အင်အားက ကျနော်တို့ KIA တပ်ဖွဲ့ဝင်တွေထက် (၁၀)ဆ၊ (၁၅) ဆလောက် သူတို့ဖက်က တိုးမြင့်လာတော့ ကျနော်တို့ဖက်ကလည်း လိုအပ်တဲ့အင်အားတွေ ဖြည့်တင်းရမယ့် အခြေအနေ ရောက်လာတာပေ့ါဗျာ။”

KIO နဲ့ အစိုးရတို့ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့ အချိန် (၁) နှစ်နီးပါးကာလအတွင်း မြို့ပေါ်နဲ့ တရုတ်မြန်မာ နယ်စပ် ဒေသတွေကို ထွက်ပြေးရောက်ရှိလာတဲ့ ဒုက္ခသည်ပေါင်း (၆) သောင်းကျော်ရှိနေပြီး လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက တိုက်ပွဲတွေကြောင့် ရာနဲ့ ချီတဲ့ ဒုက္ခသည်တွေ ၀ုိင်းမော်နဲ့ မြစ်ကြီးနား မြို့တွေကို ထပ်မံ ရောက်ရှိ နေပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် နှစ်ဖက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်တွေ (၆) ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ကြပေမယ့် ယနေ့ထိ ပြေလည်မှု မရသေးပါ။