RCSS/SSA တိုင်တန်းသည့် မူးယစ်မှု အစိုးရမဖြေရှင်း၊ ပတ်သက်သူအားကူညီအားပေးနေ

RCSS/SSA တိုင်တန်းသည့် မူးယစ်မှု အစိုးရမဖြေရှင်း၊ ပတ်သက်သူအားကူညီအားပေးနေ
by -
သျှမ်းသံတော်ဆင့်

၂၀၁၁ နှစ်နှောင်းပိုင်း ဝမ့်ပန်ပြည်သူ့စစ်တပ်ဖွဲ့၏ မူးယစ်ဆေးဝါး ချက်လုပ်သည့် စခန်းတခုအား သျှမ်းပြည် တပ်တော် RCSS/SSA ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာမှ ရရှိသည့် မူးယစ်ဆေးဝါးများ၊ ချက်ပြုတ်ရေး ကိရိယာများအား အစိုးရ ထံအပ်ပေးခဲ့သော်လည်း ယနေ့တိုင် အရေးယူဖြေရှင်းခြင်းမရှိဘဲ အဆိုပါတပ်ဖွဲ့ကို အားပေးကူညီနေကြောင်း ဒေသခံများကပြောပါ သည်။

၂၀၁၁ က RCSS/SSA မှ သိမ်းဆည်းရမိသော ဝမ့်ပန်ပြည်သူ့စစ်၏ မူးယစ်ဆေးချက်ပစ္စည်းများ(ဓါတ်ပုံ- taifreedom)

“ဒီဇင်ဘာလ တုန်းက ကာလိန်ထွဲ့၊ စိုင်းတာ့အဖွဲ့ ရဲ့ ဝမ်ပန်တပ်စခန်းကို သျှမ်းတပ်(တောင်ပိုင်း)ကဝင်သိမ်း တော့ မူးယစ်ဆေးဝါးတွေ၊ ချက်လုပ်ဖို့ ပစ္စည်းတွေ ကုန်ကြမ်းတွေ အများကြီးသိမ်းယူပြီး အစိုးရတပ်ကို အပ်လိုက်တယ် ပြောတယ်။ အစိုးရက အဲဒီ စိုင်းထွဲ့၊ စိုင်းတာ့ ကိုအရေးယူတာဘာတခုမှမတွေ့ဘူး၊ တပ်သားသစ်စုဆောင်းခွင့်ပြုနေ တယ်၊ တပ်ကိုလဲအုတ်နံရံတွေ၊ ကွန်ကရစ် ခံတုတ်ကျင်းတွေခံတပ်ကောင်း ကောင်းတွေ တောင်ထပ်လုပ်ထား သေးတယ်” - ဟု လိုင်းခ (လဲချား) ရပ်မိရပ်ဖ တဦးကပြောပါသည်။

စိုင်းထွဲ့ နှင့် စိုင်းတာ့ ဦးဆောင်သော ဝမ့်ပန်ပြည်သူ့စစ်တပ်ဖွဲ့သည် သျှမ်းပြည်တပ်မတော်တောင်ပိုင်း တပ်ဖွဲ့ထံ လက် နက်ချသွားသည့်လူအင်အားအတွက် လူထုမှ တပ်သားသစ်ပြန်လည်အစားထိုးပေးရမည်ဖြစ် ကြောင်း၊ မပေးနိုင် ပါက တယောက် ကျပ်သုံးသိန်းပေးရမည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စအား အစိုးရနှင့် မြန်မာ့တပ်မတော်တို့ သိရှိသော် လည်း ခွင့်ပြုထားကြောင်း၊ လူအင်အားစုဆောင်းရာတွင် ရပ်မိရပ်ဖ တဦးအား ဖမ်းဆီးသွားရာ ပြန်လွှတ်ပေးခြင်းမရှိဘဲ ပျောက်ဆုံးနေကြောင်း အဆိုပါ ရပ်မိရပ်ဖကု ဆို၏။

“ ၀မ်ပန်ဒေသ အိုက်ထွဲ့ခေါင်းဆောင် ပြည်သူ့စစ်အဖွဲ့က ၂၉-၃-၂၀၁၂ ရက်နေ့က လုံးအိန္ဒာအောင်ကို ဖမ်းဆီးပြီး မြေကျင်း ခတ်ထားလိုက်တယ်။ အခုအချိန်အထိ ဦးအိန္ဒာအောင် ထွက်ပြေးသွားပြီလို့ဘဲ ရ၅၈ ကပြော ပါတယ်။ တကယ် တမ်းထွက်ပြေးလွတ်မြောက်သွားရင်တော့ ကောင်းပါတယ်။ အဲဒီလိုမှမဟုတ်ပဲ ထွက်ပြေးလွတ် မြောက်သွားပြီ ဆို တဲ့ စကားတစ်ခွန်းတည်းနဲ့ အသက်တစ်ချောင်း စွန့်လွှတ်ဆုံးရှုံးလိုက်ရတဲ့ သဘောမျိုးဆိုရင်တော့ မဖြစ်သင့်တဲ့ကိစ္စ ပါပဲ။  သူတို့ဒီလိုမျိုးရမ်းကားနေတာက အစိုးရတပ်က သူတို့ကိုအားပေးနေလို့ပေါ့” - ဟု ဝမ့်ပန်ဒေသခံတဦးက ပြောပါသည်။

“ဒီဇင်ဘာက ဝမ်ပန်ပြည်သူ့စစ်တပ်ဖွဲ့ထံသိမ်းဆည်းရမိတဲ့ပစ္စည်းတွေ ကျနော်တို့ စာရင်းနဲ့တကွ အစိုးရတပ်မ တော်ထံ အပ်နှံတယ်။ တစုံတရာ တုန့်ပြန်တာမရှိဘူး။ ကျနော်တို့တိုင်းပြည်မှာ မူးယစ်ဆေးဝါး အမှန်တကယ် ပပျောက်စေချင်ရင် တပ်မတော်ကိုယ်တိုင် လက်တွဲပါဝင်မှ ဖြေရှင်းနိုင်မယ်” - ဟု ခေါင်းဆောင်ဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ကပြော ပါသည်။

ဝမ့်ပန်ပြည်သူ့စစ်တပ်ဖွဲ့ (တပ်မဟာ ရ၅၈၊ သျှမ်းပြည်တပ်မတော် RCSS/SSA မှ ခွဲထွက်ပြီး အစိုးရတပ်ထံ ၂၀၀၆ ၌ လက်နက်ချ) ၏ ဝမ့်ပန်ပြည်သူ့စစ်စခန်းအား သျှမ်းပြည်တပ်တော် RCSS/SSA က ၂၀၁၁ ဒီဇင်ဘာ ၂၃ ရက်နေ့၌ ဝင် ရောက်တိုက်ခိုက်ပြီး မူးယစ်ဆေးဝါးများ၊ ချက်လုပ်ရေးဆိုင်ရာ ဓါတုပစ္စည်းများ၊မူးယစ်ဆေး ဝါးထုတ်လုပ်သည့် စက်များ နှင့်အတူ လူသူ လက်နက် ၆၀   သိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိသည့် ပစ္စည်းများအား စာရင်းပြုစုကာ ဒီဇင်ဘာ ၂၅ ရက်နေ့၌ အစိုးရတပ်ထံ အပ်နှံခဲ့သော်လည်း ယနေ့တိုင် တစုံတရာအရေးယူဆောင်ရွက် ပေးခြင်းမရှိဟုဆို၏။