ရခိုင်လူထု ၆၀၀ ကျော် လက်မှတ်ရေးထိုး တင်ပြသည့် ကိစ္စ ရခိုင်ပြည်နယ် အစိုးရ ကွင်းဆင်း စစ်ဆေး

ရခိုင်လူထု ၆၀၀ ကျော် လက်မှတ်ရေးထိုး တင်ပြသည့် ကိစ္စ ရခိုင်ပြည်နယ် အစိုးရ ကွင်းဆင်း စစ်ဆေး
by -
နိရဥ္စရာ

လူပေါင်း ၆၀၀ ကျော်မှ လက်မှတ်ရေးထိုးပြီး တောင်းဆိုသော အရေးကိစ္စ တစ်ခုကို ဖြေရှင်းနိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရသည် မေလ ၁၁ ရက်နေ့က အဆိုပါ နေရာသို့ သွားရောက် ကွင်း ဆင်း စစ်ဆေးခဲ့သည်။

Arakan-River-Network

" သူတို့က ဒီလ ၁၁ ရက်နေ့က ကျွန်တော်တို့ အောင်ဒိုင် ကျေးရွာကို ရောက်ရှိလာပါတယ်။ ရွာသားတွေကို ခေါ်ယူ စစ်ဆေး မေးမြန်းပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ကြံုတွေ့ နေရတဲ့ အခက်အခဲတွေကို တင်ပြကြပါတယ်။ သူတို့က သဘောပေါက်သွားပါတယ်" ဟု အောင်ဒိုင်မှ ကိုငယောင်းချေက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အောင်ဒိုင် ကျေးရွာ အပါအဝင် ကျေးရွာ အများအပြား မှီခို အားထား လုပ်ကိုင် စားသောက်နေသော အောင်ဒိုင်ချောင်းကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ထောက်လှမ်းရေး တာဝန်ရှိသူများမှ ၎င်းဒေသမှ မွတ်ဆလင် စီးပွားရေး သမား (၂) ဦးနှင့် ပူးပေါင်းပြီး ချောင်းဝမှာ ပိတ်ဆို့ဆည်ကာ ပုဇွန်မွေးမြူရေး ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

" အနောက်ပိုင်းတိုင်းနဲ့ ထောက်လှမ်းရေးက မွတ်ဆလင် သူဌေး ဦးခင်မောင်လှ၊ ဦးမောင်ဂူလာတို့နဲ့ ပူးပေါင်းပြီး ပုဇွန်မွေးမြူရေး လုပ်ဖို့ အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည််းက အများပြည်သူ လုပ်ကိုင် စားသောက်လာတဲ့ အောင်ဒိုင်ချောင်းကို ပိတ်ဆို့ဆည်လိုက်ပါတယ်။ ချောင်းကို ပိတ်လိုက်တဲ့ အတွက် အဲဒီချောင်းကို မှီခိုပြီး စားသောက်နေတဲ့ ရွာပေါင်း ၁၅ ရွာက လူပေါင်း တစ်သောင်းခန့်ဟာ အထူး ဒုက္ခရောက်သွားခဲ့ကြရပါတယ်။ ဒါကြောင့် ဒီဒေသမှာနေထိုင်တဲ့ လူပေါင်း ၆၀၀ ကျော်က လက်မှတ်ရေးထိုးပြီး ဒီချောင်းကို ပိတ်ထားတာကို အမြန် ပြန်ဖွင့်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို များမကြာမှီက စာရေး တောင်းဆိုခဲ့ပါတယ်။ စာရေး တောင်းဆိုပြီးတဲ့ နောက်မှာ ရခိုင်ပြည်နယ် အစိုးရက လာရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ် " ဟု ပြောသည်။

အောင််ဒိုင်ချောင်းအား လာရောက်စစ်ဆေးသော အဖွဲ့အား ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြံုရေး ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဦးဆောင်ပြီး အဖွဲ့ဝင်များ အဖြစ် လျှပ်စစ် ၀န်ကြီး ဦးသာလူချေ၊ သမဝါယမ ၀န်ကြီး ဦးမြအောင်၊ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်တို့နှင့် အတူ ပြည်နယ်၊ ခရိိုင်၊ မြို့နယ် အဆင့် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြေတိုင်း ဦးစီးဌာနမှ အရာရှိကြီးများ ပါ၀င်ခဲ့သည်။

" ကျွန်တော် မြင်တွေ့ခဲ့ရတာကို ပြောရရင် ဒီလို လူသုံးများတဲ့ ချောင်းတစ်ချောင်းကို အဝကနေ ပိတ်ဆို့ဆည်လိုက်တဲ့ အတွက် ရွာတွေဟာ အကုန်လုံး ဒုက္ခ ဖြစ်သွားတာကို တွေ့ရတယ်။ မြစ်တွေ၊ ချောင်းတွေကို ငါးဖမ်းထွက်လို့ မရတော့ဘူး။ ၀ါးတွေ၊ ဓနိတွေကို လှေတွေနဲ့ သယ်ယူလာလို့ မရတော့ ဘူး။ ရေလမ်းကို အဓိက အားထားပြီး သွား လာနေရကြရတဲ့ ပြည်သူတွေ လုံးဝ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တယ်။ ဒါ့အပြင် ချောင်းကို ပိတ်ဆို့ ဆည်လိုက်ပြီးတဲ့ နောက်မှာ ရွာသားတွေကို စစ်တပ်က ချောင်းထဲကို ဆင်းခွင့် မပေးတော့ဘူး။ ဒီလို ဒေသခံတွေ ဒုက္ခ ရောက်နေကြရာ နှစ်ပေါင်း ၂၀ ကျော်သွားပြီ။ ဒါတွေကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီး တွေကလည်း မျက်ဝါးထင်ထင် မြင်တွေ့ကြရတော့ သူတို့ နားလည် သဘောပေါက် သွားကြပါတယ်" ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။

ယခုအခါ အဆိုပါ အောင်ဒိုင်ချောင်း ကိစ္စ အစီရင်ခံစာအား ဗိုလ်မှူးကြီး ဦးထိန်လင်း ဦးဆောင်သော ကွင်းဆင်း စစ်ဆေးရေး အဖွဲ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ထံ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Most read this week