‘လူမှုစီးပွားရေး အကြံပေးကောင်စီ’ တွင် ဦးမြင့် ပါ၀င်နိုင်မည် မဟုတ်

‘လူမှုစီးပွားရေး အကြံပေးကောင်စီ’ တွင် ဦးမြင့် ပါ၀င်နိုင်မည် မဟုတ်
by -
မဇ္ဈိမ

ဒုတိယ အဆင့် မဟာဗျူဟာ ပြောင်းလဲမှုအတွက် အထောက်အကူဖြစ်စေရန် လွန်ခဲ့သော တလကျော်က တည်း က ဖွဲ့စည်းရန် စီစဉ်ခဲ့သည့် ‘မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေးကောင်စီ’ တွင်နိုင်ငံ သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့် အနေဖြင့် ပါ၀င်နိုင်လိမ့်မည် မဟုတ်ကြောင်း မဇ္စျိမကိုပြော သည်။

နိုင်ငံသမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်“ဖွဲ့စည်းဖို့ စီစဉ်နေတာ တလကျော်လောက် ရှိပြီ။ အဲ့ဒီမှာတော့ ဆရာ့ကို ပါ၀င်ဖို့ ခေါ်ပါတယ်။ ဒါပေမယ့် ဆရာလည်း အလုပ်တွေ များတော့ မပါနိုင်ပါဘူး။ လူအင်အား အတော်တော်များများနဲ့ ဖွဲ့စည်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်” ဟု ဦးမြင့် က ပြောသည်။

ထို အကြံပေးကောင်စီတွင် မည်သည့်ပုဂ္ဂိုလ်များ ပါ၀င်မည်၊ မည်သည့်အချိန်တွင် အပြီးသတ် ဖွဲ့စည်းမည် ဆိုသည်ကို ၎င်းအနေဖြင့် မသိရှိသေးကြောင်း သမ္မတအကြံပေး ဦးမြင့် က ဆိုသည်။

သို့သော် မြန်မာ့လူမှုစီးပွား တိုးတက်ရေးအတွက် နိုင်ငံတော်ကောင်စီတရပ်ကို သုံးပွင့်ဆိုင် ဖွဲ့စည်းပြီး နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်ပါ၀င်မည်ဖြစ်ကာ ၎င်းကောင်စီ၏အောက်တွင် အကြံပေးအဖွဲ့နှင့် Implementing Body (အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့)ထားရှိ၍ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း အမည်မဖေါ်လိုုသော သမ္မတ အကြံပေးတဦးက မဇ္စျိမကို ပြောသည်။

မေလ ၁၁ ရက်နေ့က နေပြည်တော် သမ္မတရုံးတွင် ကျင်းပခဲ့သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်လည်း အဆိုပါ ကောင်စီဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဦးသိန်းစိန် က ပြောကြားခဲ့သေးသည်။

“မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေးကောင်စီ ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ ပုဂ္ဂလိက လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့များက နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုတွင် ပြည်သူတရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် ကြိုးပမ်းရမည်” ဟု ညွှန်ကြားထားသည်။

တနှစ်သက်တမ်း ကျော်လာပြီဖြစ်သော ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဒုတိယ အဆင့် မဟာဗျူဟာ ပြောင်းလဲမှုအဖြစ် ပြည်သူဗဟိုပြု ဖွ့ံဖြိုးတိုးတက်ရေးများကို တိုင်းဒေသကြီး/ပြည်နယ် နယ်မြေများအလိုက် ပြုပြင်ပြောင်းလဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သမ္မတဦးသိန်းစိန် က အဆိုပါအစည်းအဝေးတွင်ပြောကြားခဲ့သည်။