ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာရှိ လယ်သိမ်းခံရသည့် မွန်လယ်သမားအများစုက လယ်ထွန်မင်္ဂလာပွဲအခမ်းအနားကို မနက်ဖြန်တွင် ကျင်းပပြုလုပ်သွားမည်ဟု ဒေသခံမွန် လယ်သမားတို့က ပြောသည်။
ရန်ကုန်ရှိ မွန်လယ်သမားများ ပိုင်ဆိုင်သည့် လယ်မြေ ၈၁၅ ဧကို ယမန်နှစ် ဖေဖော်ဝါရီလတွင် ဦးခင်ရွှေပိုင်ဆိုင်သည့် ဇေကမ္ဘာကုမ္မဏီက စက်မှုဇုံ တည်ဆောက်ရန်အတွက် စတင်သိမ်းဆည်း ခဲ့ခြင်းဖြစ်သည်။
ယင်းသိမ်းဆည်းမှုကို မကျေနပ်သည့် လယ်ပိုင်ရှင်များက သက်ဆိုင်ရာသို့ စာပေပို့တိုင်ကြားခဲ့ သော်လည်း အကြောင်းပြန်ကြားမှုမရရှိသည့်အတွက် လယ်သမားများစုပေါင်းပြီး ၎င်းတို့ပိုင်ဆိုင်သည့် လယ်မြေများတွင် ပြန်လည်စိုက်ပျိုးမည်ဖြစ်သည်ဟု မွန်လယ်သမား ဦးကျော်စိန်က ပြောသည်။
၎င်းက “အခု မိုးဦးချိန်ရောက်တော့ လယ်ထွန်ဖို့ရနေပြီ၊ လယ်ကွင်းထဲမှာ ရေမြောင်းတာတမံတွေ ဖြိုဖျက်လိုက်ကြကုန်ပြီး ဘာပဲဖြစ်ဖြစ် ကျနော်တို့လယ်သမားတွေစုပြီတော့ ရအောင် ကြိုးစားပြုလုပ်သွားမယ်” ဟု ပြောသည်။
ယင်းသိမ်းခံရသည့် လယ်မြေပိုင်ရှင်များကို မွန်ပြည်နယ် မုဒုံနှင့် သံဖြူဇရပ်မြို့နယ်မှ အနှစ် နှစ်ဆယ်ကျော် ပြောင်းရွှေ့လာကြသော လယ်ပိုင်ရှင်မွန်လူမျိုး ၈၀ ကျော်က ပိုင်ဆိုင်ကြပြီး စပါးစိုက်ပျိုးမှုတစ်မျိုးကိုသာ အဓိကထား အသက်မွေးဝမ်းကြောင်း ပြုကြသည်။
ဇေကမ္ဘာကုမ္မဏီက စက်မှုဇုံတည်ဆောက်ရန် သိမ်းယူမည်ဟု မပြောဘဲ နိုင်ငံတော်က သိမ်းဆည်းသည်ဟုဆိုကာ လယ်တစ်ဧကကို လျှော်ကြေး ၃ သိန်းနှုန်းဖြင့် သိမ်းဆည်း လိုက်ခြင်းကြောင့် မကျေနပ်သည့် လယ်ပိုင်ရှင်များက တရားစွဲဆိုမှုများ ရှိခဲ့သည်ဟု ဦးကျော်စိန်က ပြောသည်။
ထိုသို့ တရားစွဲဆိုခြင်းနှင့် အထက်သို့စာတိုင်ကြားရန်အတွက် လယ်ပိုင်ရှင်များက မင်္ဂလာဒုံမြို့နယ်ရှိ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ ထံသို့ အကူအညီတောင်း ခံခဲ့ကြသည်။
လက်ရှိ အသိမ်းခံရထားသည့် လယ်ယာမြေနေရာများတွင် ဇေကမ္ဘာကုမ္မဏီက စက်မှုဇုံ (၁၊ ၂၊ ၃) တည်ဆောက်ရန် လယ်ကွင်းထဲရှိ ရေးမြောင်း တာတမံများ ဖြိုဖျက်ပြီး ကားလမ်းဖောက်ကာ မီးတိုင်များ တပ်ဆင်ထားကြသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း ဇေကမ္ဘာကုမ္မဏီက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် နှီးဒုံကျေးရွာတွင် ဘိလပ်မြေစက်ရုံဆောက်လုပ်ရေး စီမံကိန်းအတွက် လယ်မြေ ဧက (၃၉၀)ကို သိမ်းဆည်းခဲ့ပြီး လယ်တစ် ဧက ကို ကျပ်ငွေ သုံးသိန်းခွဲနှုန်းဖြင့် လျှော်ကြေးပေးခဲ့ရာ လယ်သမား ၉၃ ဦးအနက် ၆၉ ဦးက လျှော်ကြေးငွေ လက်ခံရရှိခဲ့သည်။