ရွှေတူးလုပ်ငန်း လုပ်မည့်အပေါ် ဆင်ဘို မြို့ခံများ စိုးရိမ်

ရွှေတူးလုပ်ငန်း လုပ်မည့်အပေါ် ဆင်ဘို မြို့ခံများ စိုးရိမ်
by -
သတင်းနှင့်မီဒီယာကွန်ယက်

ကချင်ပြည်နယ် ဆင်ဘိုမြို့နယ် အတွင်း ရွှေတူးဖော်ရန် ရောက်ရှိ လာသည့် ရွှေဖောင်များ ကြောင့် ဒေသတွင်း ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို ဒေသခံများ စိုးရိမ်နေ ကြသည်။

kachin1

ယခု ရက်ပိုင်းအတွင်း လူဦးရေ (၁၀၀) ခန့် ပါ၀င်သည့် ဒေသအခေါ် ရွှေဖောင် (၄၀) နီးပါးသည် ဗန်းမော် မြို့မှ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး ဆင်ဘိုမြို့ အထက်ဖက် (၃) မိုင်ခန့် ကွာဝေးသည့် ကျွန်းဦး ကျွန်းတွင် ရွှေတူးဖော်ရန် ပြင်ဆင် နေသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံများသည် သောက်သုံးရေအဖြစ် ဧရာဝတီမြစ်ရေအား အဓိကထား အသုံးပြု နေရသဖြင့် မြစ်အထက် ပိုင်း ရွှေတူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်အပါ် စိုးရိမ်နေကြကြောင်း ဒေသခံ တဦးက အခုလို ပြောသည်။

“အဲဒီဟာ လုပ်လို့ရှိရင် ဆင်ဘိုဒေသခံတွေရဲ့ လက်ရှိ အနေအထားအရ ပြဒါးအဆိပ်ရေ သောက်ရမယ်။ ပြီးလို့ရှိရင် ကျနော်တို့ သမိုင်းအစဉ်အဆက် ရှိလာတဲ့ ကျွန်းဦး ကျွန်းကြီးဟာ ပျောက်ကွယ်သွားမယ်။ အဲဒါကို စိုးရိမ်တာပေ့ါ။”

ထို့အပြင် ကျွန်းပေါ်တွင် ဓါတ်စက် ဘုရားဟု ခေါ်သည့် ရှေးဟောင်း ဘုရားတဆူ အပါအဝင် ဒေသခံများ၏ ရာသီပေါ် သီးနှံ စိုက်ခင်း ဧကများစွာ ရှိသည်ဟုလည်း ဆိုသည်။

ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မအားနန်က မြစ်ချောင်းများ အတွင်း ရွှေတူးဖော် ခြင်း ကြောင့် ရေအတွင်း ပြဒါးအဆိပ်များ ပြန့်နှံ့ရုံသာမက သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေနိုင် ကြောင်းနှင့် မြေဆီလွှာပျက်စီးပြီး မြေပြင် အနေ အထား ပြောင်းလဲသွား နိုင်သည်ဟု ဆိုသည်။

ထို့အပြင် “နှစ်ရှည်ပင်တွေ ရဖို့ဆိုတာ ဒေသခံတွေက နှစ်ပေါင်းများစွာ အပင်တွေ ကြီးအောင် စောင့်ရတယ်။ အကြာကြီး သူတို့ ရင်းနှီး မြုတ်နှံရတယ်ပေ့ါနော်။ ပြီးတော့လည်း နှစ်စဉ်နှစ်တိုင်း ဒီအသီးအနှံတွေက သူတို့ရဲ့ စားဝတ်နေရေးကို ဖြည့်ဆည်းပေးတဲ့ဟာတွေ ဖြစ်တယ်။”  ဟု ဆက်လက်ပြောဆိုသည်။

ရွှေတူးသည့် ကုမ္မဏီများနှင့် ရွှေလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ရွှေမတူးမီ ဒေသခံများ၏ သဘောတူ ညီချက် ယူရမှာ ဖြစ်သလို သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ပေးရန် အရေးကြီးသည်ဟုလည်း ၎င်းကပြောသည်။

ယင်းလုပ်ငန်းအား တပ်မတော် အငြိမ်းစားအရာရှိဟောင်း ဗိုလ်မှူး ဦးလှထွန်းက  ဦးဆောင်၍ ဆင်ဘိုမြို့ ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ကန်ထရိုက်ယူ လုပ်ဆောင်ခြင်း ဖြစ်၍ ဒေသခံများက မကျေနပ်ကြ ကြောင်း ဆင်ဘိုမြို့ခံက ပြောသည်။

“အဲဒီကိစ္စကို ဟန့်တားချင်ပေမယ့် ဘယ်လို လုပ်ရမလဲ မသိဘူး ဖြစ်နေကြတယ်။ အခုက ကျနော်တို့ဒီဆင်ဘို ဒေသက မြို့မိ၊ မြို့ဖတွေကိုယ်တိုင်က မကျေနပ်ကြဖူး၊ မကြိုက်ကြဘူး။ ဒါပေမယ့် ဒေသခံ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ဆိုတော့ သူတို့လည်း ဘာမှ မတတ်နိုင်ဘူး ဖြစ်နေတာ။”

ထို့အပြင် ကျွန်းပေါ်ရှိ စိုက်ခင်း ပိုင်ရှင်များအား လျော်ကြေး မပေးသည့်အပြင် ဓါတ်စက် ဘုရားနှင့် ပတ်သက် သည့် ဆင်ဘိုမြို့ ဘုရားဂေါပက အဖွဲ့ထံသို့ တစုံတရာ အသိပေး အကြောင်းကြားခြင်းလည်း မရှိကြောင်း သိရသည်။

ကျွန်းဦးကျွန်းတွင် ရောက်ရှိနေသည့် ဒေသအခေါ် ရွှေဖောင် တခုလျင် အနည်းဆုံး အလျားပေ (၅၀)ခန့်နှင့် အနံ (၁၂) ပေခန့် ကျယ်ဝန်းပြီး ရွှေတူးလုပ်ငန်း လုပ်ကိုင်သူများက ယင်းဖောင်များပေါ် နေထိုင်၍ စက်ယန္တရား များဖြင့် တူးဖော်ကြခြင်း ဖြစ်သည်။

Most read this week