ခရစ်သက္ကရာဇ် ၂ဝ၁၄ ခုနှစ်တွင် မြန်မာ့ သန်းခေါင်စာရင်း ကောက်ခံရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲတခု ကို မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့ ပူးပေါင်း၍ နေပြည်တော်၌ ကြာသပတေးနေ့က ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၁ နှစ်အတွင်း ပထမဆုံးအကြိမ် လူဦးရေနှင့် အိမ်ယာ သန်းခေါင်စာရင်း ပြန်လည် ကောက်ယူရန်အတွက် ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA)၊ မြန်မာ့ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားကော်မရှင်နှင့် လွှတ်တော် လူဦးရေနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အမျိုးသားကော်မရှင်ဥက္ကဋ္ဌ ပြည်ထေင်စုဝန်ကြီး ဦးခင်ရီက အောင်မြင်သော သန်းခေါင်စာရင်းတခု ကောက်ခံ ရာတွင် အစိုးရဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူထုအခြေပြု လူ့မှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်ပြီး “ကျယ်ပြန့်၍ ထိရောက်သော ပေါင်းစပ်လုပ်ဆောင် ခြင်းများ” လိုအပ်ကြောင်း ပြောသည်။
“သန်းခေါင်စာရင်းကနေ ရရှိလာတဲ့ အချက်အလက်တွေဟာ အမျိုးသားစီမံကိန်းတွေမှာ ဆက်စပ်နေမှာပါ” ဟု လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ က ပြောသည်။
ထို့ပြင် UNFPA ကိုယ်စားလှယ် Mohamed Abdel-Ahad ကလည်း သန်းခေါင်စာရင်း၏ အရေးပါပုံကို ရှင်းလင်း ပြောဆိုသွားသည်။
“သန်းခေါင်စားရင်း ကောက်ယူမှုတွေဟာ လူဦးရေတိုးပွားမှုရဲ့ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ပေးပါတယ်။ ဒါ့အပြင် လတ်တလောနဲ့ အနာဂတ်မှာ ကျောင်းတွေ၊ ဆရာတွေ၊ ဆေးရုံတွေ၊ ဆရာဝန်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ လူမှုလုံခြံုရေးတွေ လိုအပ်မှုကိုလည်း ခန့်မှန်း တွက်ချက်နိုင်ဖို့ အထောက်အကူပြုပါတယ်” ဟု UNFPA ကိုယ်စားလှယ်က ပြောသည်။
ယနေ့ဆွေးနွေးပွဲတွင် သန်းခေါင်စာရင်း မေးခွန်းလွှာတွင် ပါဝင်ရမည့် အချက်များ၊ နယ်စပ်ဒေသများ အပါအဝင် မြန်မာနိုင်ငံ တနံတလျား အကြံုးဝင်နိုင်ရေး၊ ရပ်ကျေးအဆင့်မှ မြို့နယ်၊ ပြည်နယ်/တိုင်း အဆင့်ဆင့် အာဏာပိုင် အဖွဲ့အစည်းများအား စုရုံးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
သန်းခေါင်စာရင်း ကောက်ခံခြင်းအတွက် ပဏာမလုပ်ငန်းများကို ၂ဝ၁၁ ခုနှစ်ကတည်းက စတင်လုပ်ဆောင် နေပြီး ဖြစ်ကြောင်းလည်း လူဦးရေဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာညီညီ က ပြောသည်။
“လက်တွေ့ကောက်ခံရေတွက်မှုကို ၂၀၁၄ ခုနှစ် ဧပြီလမှာ လုပ်ဖို့ စီစဉ်ထားပါတယ်။ ကနဦးရလဒ်များကို ၂၀၁၄ ခုနှစ်မကုန်မီ ထုတ်ပြန်ရန်ရှိပြီး အသေးစိတ်ကိုတော့ ၂၀၁၅ ခုနှစ်ထဲမှာ ထုတ်ပြန်ဖို့ ဖြစ်ပါတယ်” ဟု ပြောဆို သွားသည်။
ဤသို့ ကောက်ခံရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ကောက်ခံနိုင်ရေးအတွက် ကုလသမဂ္ဂမှ နည်းပညာပိုင်း ဆိုင်ရာနှင့် ငွေကြေးအကူအညီများလည်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း တနင်္လာနေ့က နေပြည်တော်တွင် သဘောတူခဲ့ကြသည်။
နိုင်ငံတဝှမ်း အကြံုးဝင်နိုင်ရေးအတွက် “လက်ရှိနဲ့ အနာဂတ် အပစ်အခတ် ရပ်စဲရေးတွေက အကျိုးပြုပါ လိမ့်မယ်။ လူနည်းစု တိုင်းရင်းသားတွေနဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေဟာ အရေးကြီးပါတယ်” ဟု အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် နောက်ဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ခံမှုကို ၁၉၈၃ ခုနှစ်က ပြုလုပ်ခဲ့သော်လည်း ထိုစဉ်က အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် လက်နက်ကိုင်တပ်များ၏ နယ်မြေများကို ထည့်သွင်း ကောက်ယူနိုင်ခဲ့ခြင်း မရှိပေ။ ထို့ထက်ယခင်က ကောက်ခံမှုတရပ်ကို ဗြိတိသျှ ကိုလိုနီဘဝ ၁၉၃၁ ခုနှစ်က ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။