ဒေါ်စုနဲ့ NLD လွှတ်တော်ထဲ ရောက်သွားတဲ့ အပေါ် ရခိုင် ခေါင်းဆောင်တွေက ဒီလို မြင်ပါတယ်

ဒေါ်စုနဲ့ NLD လွှတ်တော်ထဲ ရောက်သွားတဲ့ အပေါ် ရခိုင် ခေါင်းဆောင်တွေက ဒီလို မြင်ပါတယ်
by -
နိရဥ္စရာ

ကျမ်းကျိန်စာသားကို လေးစားလိုက်နာပါမယ်လို့ ပြင်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပြန်မပြင် ပေးခဲ့တာကြောင့် မူလ " ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်" ဆိုတဲ့ စာသား အတိုင်း ကျမ်းကျိန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်တွေဟာ လွှတ်တော်ထဲကို ၀င်ရောက် သွားခဲ့ပါပြီ။

ကျမ်းကျိန်စာသားကို လေးစားလိုက်နာပါမယ်လို့ ပြင်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပြန်မပြင် ပေးခဲ့တာကြောင့် မူလ " ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်" ဆိုတဲ့ စာသား အတိုင်း ကျမ်းကျိန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်တွေဟာ လွှတ်တော်ထဲကို ၀င်ရောက် သွားခဲ့ပါပြီ။ ဒီလို လွှတ်တော်ထဲကို ရောက်ရှိသွားတဲ့ အပေါ် အမြင်မတူညီမူတွေနဲ့ အတူ သဘောထား ကွဲမူတွေလည်း အများအပြား ထွက်ပေါ်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံထဲက နို်င်ငံရေး အရ လူပ်ရှား တက်ကြွဆုံး ပြည်နယ် တစ်ခု ဖြစ်တဲ့ ရခိုင်ပြည်နယ်က ခေါင်းဆောင်တွေကို နိရဥ္စရာရဲ့ သတင်းထောက် မောင်ရမ္မာက လက်လှမ်းမှီသလောက် ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါ သူတို့ဘက်က အမြင်တွေကို ခုလို ပြောကြားပါတယ်။

U_Aye_Tha_Aung_ALD
( ဦးအေးသာအောင် - ၀ါရင့်နိုင်ငံရေးသမား၊ အထွေထွေအတွင်းရေးမှူး ( ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်))

ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်ထဲကို ၀င်ရောက်သွားပေမယ့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို မပြုပြင်ဘဲနဲ့ တော့ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူလို့ ပထမဆုံး ပြောချင်ပါတယ်။

အစောကြီးကတည်းက ပါတီ မှတ်ပုံတင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားဖြတ် ရွေးကောက်ပွဲ ၀င်ဖို့ဆွေးနွေးကြတဲ့ အခါမှာ အဓိကက မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့က အဓိက အရေးကြီး ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ဘူး။ တိုင်းရင်းသားများနဲ့ စည်းလုံး ညီညွတ်မှုကို မရနိုင်ဘူး။ ပြည်တွင်းစစ်ကို မရပ်စဲနိုင်ဘူး။ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ဆိုတာလည်း မဖြစ်နိုင် ဘူး။ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ဖို့က အဓိက ဖြစ်တယ်လို့ အားလုံးက မြင်ကြတယ်။

လွှတ်တော်ထဲမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးကို ပြန်သုံးသပ်တဲ့ အခါ အခက်အခဲ အဟန့်အတားများ ကြံုတွေ့နိုင်တယ်။ ဒါကြောင့် ဖွံ့စည်းပုံကို ပြင်မယ် ဆိုရင် လွှတ်တော် ပြင်ပ အင်အားစုများနဲ့ ပြည်သူများရဲ့ ကြိုးပမ်းမူနဲ့သာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင် ဆင်နိုင်မယ်လို့ သုံးသပ် ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ကိစ္စကိုထားပါအုံး။ ကျမ်းကျိန်တဲ့ စာသားလေး (ဒါလေးကိုတောင်) မပြင်နိုင်ရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ဟာ အတော့ကို အခက်အခဲ အဟန့်အတား အနှောင့်အယှက်တွေ ကြံုနိုင်တယ်လို့ ကျွန်တော်တို့ အနေနဲ့ သုံးသပ်တယ်။ အဲဒါကြောင့် လွှတ်တော်ထဲကို ရောက်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်တို့က ၄၀ ကျော်၊ ကြံ့ခိုင်ရေးပါတီက အင်နဲ့အား နဲ့၊ တပ်မတော်ကိုယ်စားလှယ်ကလည်း ၂၅ ရာခိုင်နှုန်းဆိုတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ကိစ္စဟာ မလွယ် နိုင်၊ အခက်အခဲ အဟန့်အတား၊ အကျပ်အတည်းတွေ ကြံုရနိုင်တယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ ထက် လွှတ်တော်ပြင်ပ အင်အားစုတွေနဲ့ ပြည်သူတွေရဲ့ ကြိုးပမ်းမှု တွေနဲ့သာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မယ်လို့ ကျွန်တော် အနေနဲ့ ဒီလိုဘဲ သုံးသပ်ပါတယ်။”

Dr-Aye-Maung-RNDP
ဒေါက်တာ အေးမောင် - ဥက္ကဌ ( ရခိုုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ)

မြန်မာ့နိုင်ငံရေးကတော့ ပြောင်းလဲသွားမှာပါ။ ပြောင်းလဲအောင်လည်း ကျွန်တော်တို့က ဖန်တီး လုပ်ကိုင် နိုင်ရပါမယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အခါမှာ ကျွန်တော်တို့ကလည်း ပြောပါတယ်။ ကျွန်တော် တို့မှာ အင်အားတွေ ပိုပြည့်လာတယ်။ ကျွန်တော်တို့ ပိုပြီးတော့ နွေးနွေး ထွေးထွေး ရှိသလို ကျွန်တော်တို့ ခံစားရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကြိုဆိုပါတယ်။ ဗမာ ပြည်ရဲ့ ရှေ့အလားအလာကို ကြည့်တဲ့ အခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၁၉၈၈ ခုနှစ်ကပင် ယခု ကာလထိ ရုန်းကန်မှုတွေ အားလုံးကို ပြန် လို့ သုံးသပ်ကြည့်ဖို့ လိုပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး တို့အတွက် အင်အားတခု အဖြစ် ကျွန် တော်တို့ လက်ခံထားပါတယ်။

နောက်တစ်ခုက ဇယား ၄ ကို ပြင်ဆင်ဖို့ ခက်ခဲတယ်ဆိုတာကို ကမ္ဘာကရော ပြည်သူကရော သဘောပေါက်လို့ ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်သွားဖို့ဆိုတဲ့ အပိုင်း ကတော့ခါ အဟန့်အတား အခက်အခဲတွေ တစုံတခု အတိုင်းအတာထိ ရှိကိုရှိမှာပါ။ သို့သော်လည်း ၂၀၁၅ ဆိုတဲ့ ကာလ ကို မှန်းပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခုကတည်းက ခြေလှမ်း စလှမ်းတယ်လို့ ကျွန်တော် နားလည်ပါ တယ်။ ပြုပြင်မှုဆိုတာက အချိန် ကာလအတိုင်းအတာ တစ်ခုထိ လိုသလို အဲဒီ အချိန်ကာလ အတွင်းမှာလည်း ပြုပြင်ပြောင်း လဲလိုတဲ့ လူတွေ အများကြီး ပေါ်လာ ပါလိမ့်မယ်။ လူထု တောင်းဆိုမှုတွေနဲ့ အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ တစ်ခုချင်းကို ပြန် သုံးသပ်ဖို့အတွက်လည်း တစ်နှစ် (သို့) နှစ်နှစ်၊ ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်းပြီးတဲ့ ကာလမှာ အဆင် ပြေသွားဖို့လို့ ကျွန်တော် ယူဆတယ်။ ပြုပြင်ပြောင်းလဲလိုတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီး ရှိပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ကိုယ်နှစ်ကိုယ်က ဒီလို သဘောထားမျိုး ရှိပါတယ်။

Dr.Khine-Maung
ဒေါက်တာခင်မောင် - ဥက္ကဌ (ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ)

" အခု ဒေါ်စုက ပါလီမန်မှာ ရောက်လာတယ်ဆိုရင် ဘာဘဲဖြစ်ဖြစ် အတိုက်အခံ အုပ်စုတွေ အတွက် အားတခု တော့ ဖြစ်တယ်။ တချိန်တည်းမှာ ပြည်သူလူထု တရပ်လုံး၏ တောင်းဆိုသံတွေဟာ ပါလီမံ အတွင်းမှာ ပိုပြီး တော့ အားရှိလာတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမယ့် အခြား တဘက်မှာ ဒေါ်စုက ကတိသစ္စာ ခံယူတဲ့ အခါမှာ ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့ စာသား အစား လေးစား လိုက်နာ ပါမယ် ဆိုတဲ့ စာသားကို အစားထိုးဖို့ တောင်းဆိုခဲ့ပေမယ့် မရခဲ့ဘူး။ အဲဒီလို စာသား အသုံး အနုန်းကိုတောင် အစားထိုး အသုံးပြုလို့ မရနိုင်ဘူး ဆိုရင် အဲဒါထက် ကြီးကျယ်တဲ့ တခြား နိုင်ငံရေး ဥပဒေ ပုဒ်မတွေကို ပြုပြင်ပြောင်းလဲရေးဟာ သိပ်ပြီးတော့ အခက်အခဲ ရှိနိုင်ပါတယ်။ နောက်ပြီးတော့ ပါလီမန်ထဲမှာ ကြည့်လိုက်ပြန် တော့ ၂၅ ရခိုင်နှုန်း ကိုယ်စားလှယ်က စစ်တပ်က ဖြစ်တဲ့အတွက် အဲဒီ ၂၅ ရာခိုင်နှုန်းထဲက ကိုယ့်ဘက်ပါလာဖို့ ဆိုတာကလည်း သိပ်မလွယ်ပါ။ ရ၅ ရာခိုင်နှုန်းထက် ကျော်လို့ မဲရမှသာ ပါလီမန်တွင်းက Constitution ကို ပြုပြင်နိုင်တဲ့ အခွင့်အရေး ရှိနေတဲ့အခါ ဒေါ်စုအတွက် သိပ်မလွယ်ဘူလို့ မြင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် အတိုက်အခံ အင်အားစုတွေက ဖိတ်ခေါ်တာနဲ့ ပါ၀င် စေချင်တာက တစ်ကြောင်း၊ သူကိုယ်တိုင်ကလည်း ပြည်သူလူထု အတွက် လွှတ်တော်ထဲက တောင်းဆိုဖို့ ဆိုပြီးတော့ ၀င်လိုတာက တစ်ကြောင်း၊ Constitution ထဲမှာ ပြုပြင်လိုတဲ့ ဆန္ဒကြောင့် တစ်ကြောင်း၊ ဒီလို အကြောင်းအမျိုးမျိုးကြောင့် ကာကွယ် စောင့် ရှောက်ပါမယ် ဆိုတဲ့ ကတိ သစ္စာကို ဆိုပြီး ၀င်လာတာ ဖြစ်ပါတယ်။ ဒေါ်စုရဲ့ ပါလီမံတွင်း ပါ၀င်လာတာဟာ အတိုက် အခံတွေအတွက်၊ ပြည်သူလူထု အတွက် မျှော်လင့်ချက် တစ်ခုလို့ တော့ ယူဆပါတယ်။"

Vem-U-Thiha
အရှင် ဦးသီဟ ဥက္ကဌ (ရခိုင်သံဃာ့သမဂ္ဂ)

တိုးတက်ပြောင်းလဲမယ့် လမ်းစကတော့ ဘာဘဲဖြစ်ဖြစ် အခု အခြေအနေမှာ လမ်းစတော့ ပေါ်နေပါပြီ။ ဒါပေမယ့် လွယ်လွယ်နဲ့ ပြောင်းလဲလို့တော့ ရမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ၂၀၀၈ ခု ဖွဲ့စည်း အုပ် ချုပ်ပုံကို ပြုပြင်ပြောင်းလဲလိုတဲ့ သဘောထားတွေ မရှိသေးဘူ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရတဲ့ဘက်က ထိုးဖေါက် ဆောင်ရွက်သွားမယ့် အနေအထားမျိုးနဲ့ ရှိတဲ့ အတွက် တိုးတက် ပြောင်းလဲမှု တစ်ချို့တော့ ရှိနိိုင်တယ်။ ရှိပင် ရှိ ငြားသော်လည်း ထင်သလောက် ခရီးပေါက်မယ်လို့ တော့ ဦးဇင်း မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ထဲမှာ စစ်သား ကိုယ်စားလှယ်ကလည်း ၂၅ ရာ ခိုင်နှုန်း ကျိန်းသေ ရှိပီးသား ဆိုတော့ သူတို့ (ကြံ့ခိုင်ရေး) တို့ သူတို့ လမ်းစဉ်အတိုင်းဘဲ လုပ်သွားဖို့ များပါတယ်။ အဓိက အစိုးရ အနေနဲ့ လမ်းစဉ် မူဝါဒပိုင်း ဆိုင်ရာတွေကို လျော့ပေးမှာ မ ဟုတ်ဘူးလို့ မြင်တယ်။ တိုက်ယူရမယ်။ တိုက်ယူရင်လည်း လွယ်လွယ် နဲ့တော့ ရမှာမဟုတ်ဘူးလို့ ဦးဇင်းသုံးသပ်ပါတယ်။

Mra-Razar-Lunn
ဒေါ်စောမြရာဇာလင်း ဥက္ကဌ (ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU)

" ဒေါ်အောင်ဆန်းစုကြည်လွတ်တော်ထဲကို ရောက်သွားတာဟာ တိုင်းရင်းသား ပါတီတွေက လွတ်တော် အမတ် တွေအတွက် အားတခု မြင်လို ့ရပါတယ်။ အားရှိဖို ့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အမတ်တွေကို စိတ်ရှည်ထားပြီးတော့ ပါလီမန်တက်ဖို ့ ဆွဲခေါ်ကြတာကို တွေ့ရပါတယ်။ လွတ်တော် ထဲ မှာ အတိုက်အခံ ခေါင်းဆောင်အနေနဲ့ နေမလား။ ဦးသိန်းစိန်အစိုးရက ခန့်အပ်တဲ့ သင့်တော်တယ်လို့ ပြော တဲ့ ရာထူးကို ဒေါ်အောင်ဆန်းစုကြည် လက်ခံမလား၊ စောင့်ကြည့်ဖို့ လိုအပ်ပါသေးတယ်။ အဲဒီအချက် (၂)ခု အပေါ်မှာ ဘယ်လောက် အကျိုး ရှိမရှိ ပြောလာနိုင်မှာဖြစ်သလို နိုင်ငံရေးအပြောင်းအလဲ အတွက်လည်း ဘယ်လောက် ခေါင်းဆောင်နိုင်မလဲ ဆိုုတာ ပြောနိုင်မှာ ဖြစ်ပါတယ်။"

သူမဟာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံလို ့၂၀၁၀ မှာ ရွေးကောက်ပွဲ မဝင်ခဲ့ဘူး။ အခု အဲဒီ ဖွဲ့စည်းပုံးအတိုင်း ရွေးကောက်ပွဲ ၀င်လာတာဟာ အများနဲ့ စုပြီးတော့ ပြင်ဆင်နိုင်မလားဆိုတဲ့ အမြင်ကြောင်းလို ့သုံးသပ်ပါတယ်။ အဲဒါကြောင့် NLD ကရွေးကောက်ပွဲဝင်ရေး အခြေခံ စဉ်းစားချက်တွေ ဖြစ်တယ်။ တရား ဥပဒေ စိုးမိုးရေး၊ ပြည် တွင်း ငြိမ်းချမ်းရေး၊ ဖွဲ ့စည်းပုံ ပြင်ဆင်ရေး ဆိုတဲ့ အချက်တွေကို ပြည်သူ ့လိုအပ်ချက်နဲ့ အညီ ဘယ်လောက် လုပ်နိုင်မလဲဆိုတာက လက်ရှိ အနေအထားမှာ စဉ်းစားစရာ ဖြစ်နေပါသေးတယ်။ နောက်တခုက ကျမ်းသစ္စာ ကျိန်ဆိုရေးအပေါ် ကွဲလွဲခဲ့တဲ့ စကားလုံးနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ ကာကွယ်စောင့်ရှောက်ပါမည် ဆို တဲ့ စကားလုံးနဲ့ လေးစားလိုက်နာပါမည် ဆိုတဲ့စကား ထူးထူးခြားခြား ကွဲပြားတယ်လို ့မမြင်ပါ။ အဲဒီ ဖွဲ့စည်းပုံ အရ ရွေးကောက်ပွဲ ၀င်တဲ့ကတည်းကပင် ယင်းဖွဲ့စည်း အုပ်ချုပ်ပုံကို လိုက်နာလို့ ၀င်တာဖြစ်တယ်လို့ ရှင်းရှင်း လင်းလင်း မြင်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ဖို ့ဆိုတာ ဒေါ်အောင်ဆန်း စုကြည် လွတ်တော်ထဲ ရောက် ရုံနဲ့ မဖြစ်နိုင်ပါ။ သူမ တယောက်တည်းကို အားကိုးပြီး ထိုင်စောင့် နေရုံနဲ့လည်း မပြီးပါ။ သူမကို နိုင်ငံရေးအရ အကောင်းဆုံး ၀ိုင်းရံ နိုင်ဖို့ လူတွေလိုပါတယ်။ အားလုံးကလည်း ကိုယ်ပိုင်အသိနဲ့ ကြိုးစား ကြဖို့လိုပါတယ်။”

Most read this week