စာနယ်ဇင်း အဖွဲ့အစည်းများ လွပ်လပ်စွာ ဖွဲ့စည်းနိုင်ပြီ

စာနယ်ဇင်း အဖွဲ့အစည်းများ လွပ်လပ်စွာ ဖွဲ့စည်းနိုင်ပြီ
by -
ရွှေဟင်္သာ

2012 ခုနှစ် ဧပြီလ 25 ရက်နေ့က Chatrium ဟိုတယ်၌ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနနှင့် IMS (international Media Support) တို့ ပူးပေါင်း၍ Workshop on Print Regulation ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဋ္ဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရဲထွဋ်က Press Council အား လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရှိကြောင်း ပြည်တွင်း မီဒီယာများအား ထုတ်ဖော် ပြောကြား သွားပါသည်။

စာပေနှင့် စာနယ်ဇင်း အဖွဲ့မှ ကျင်းပသည့် Journalism Course 1/2010 သင်တန်းဆင်းပွဲပုံ (ဓါတ်ပုံ - မြန်မာနိုင်ငံ စာပေ စာနယ်ဇင်းအဖွဲ့)

“Press Council ကို လွတ်လပ်လပ်လပ် ဖွဲ့စည်းခွင့် ရှိပါတယ်။ ကျွန်တော်တို့ ပြန်ကြားရေး ဝန်ကြီးဌာနက ဝန်ထမ်းတွေရော အခြား ဝန်ကြီးဌာနက ဝန်ထမ်းတွေရော ပါဝင်ဖို့ မရှိပါဘူး။ အဖွဲ့ဝင်တွေကို မြန်မာ သတင်းထောက်များ အသင်းက ပုဂ္ဂိုလ်တွေ၊ မြန်မာ စာရေးဆရာများ အသင်းက ပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်ရာ နယ်ပယ်က အန်ဂျီအို အသင်းအဖွဲ့တွေက ပုဂ္ဂိုလ်တွေနဲ့ လွပ်လွပ်လပ်လပ် ရွေးကောက် တင်မြှောက်ပြီး ဖွဲ့စည်းနိုင်ပါတယ်” ဟု ပြောကြား သွားပါသည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ (ဂ) ပါ “ ပြည်သူ့အခွင့်အရေး တစ်ရပ်ဖြစ်သည့် အသင်း အဖွဲ့သို့မဟုတ် အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်း ဆောင်ရွက်ခွင့်” ပုဒ်မကြောင့် ဖျက်သိမ်းခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

ဦးသိန်းစိန် အစိုးရသစ် တက်လာပြီး နောက်ပိုင်း စာပေနှင့် စာနယ်ဇင်း လွပ်လပ်ခွင့်၊ ထုတ်လုပ် ဖြန့်ချီခွင့်များ လွပ်လပ်မှု ရှိလာပြီးနောက် ယခင် ဖျက်သိမ်းခြင်း ခံရသည့် စာပေ စာနယ်ဇင်း အသင်းအဖွဲ့များ ပြန်လည် ဖွဲ့စည်းနိုင်ရေး အတွက် စာပေ၊ စာနယ်ဇင်း ကဏ္ဍနှင့် သက်ဆိုင်ရာ ကဏ္ဍများမှ ပုဂ္ဂိုလ်များက ကြိုးပမ်းခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း MJA (Myanmar Journalist Association) ဖွဲ့စည်း နိုင်ခဲ့ကြပြီး အခြေခံ မူကြမ်း များကိုလည်း ရေးဆွဲ နိုင်ခဲ့ကြသည်။

စာပေနှင့် စာနယ်ဇင်း အလုပ်အမှုဆောင်များအား ဦးကျော်ဆန်းနှင့် အတူ တွေ့ရစဉ် (ဓါတ်ပုံ - မြန်မာနိုင်ငံ စာပေ စာနယ်ဇင်းအဖွဲ့)

ဖွဲ့စည်းမည့် Press Council များအား အစိုးရဝန်ထမ်းများ ပါဝင်ပတ်သက်မှု မရှိစေကြောင်း ဦးရဲထွဋ်မှ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောကြား ခဲ့ပါသည်။

“စာနယ်ဇင်းကောင်စီ အဖွဲ့အစည်းတွေမှာ ကျွန်တော်တို့ အစိုးရ ဝန်ထမ်း တဦးဦး သော်လည်းကောင်း အခြား ဝန်ကြီးဌာနက ဝန်ထမ်း တွေသော်လည်းကောင်း ပါဝင်ဖို့ မရှိပါဘူး၊ စာနယ်ဇင်း လောကက ဖြစ်မယ်၊ ပုံနှိပ် ထုတ်ဝေသူတွေ ဖြစ်မယ်၊ ပြီးရင် အရပ်ဘက် လူ့အဖွဲ့အစည်းက ထင်ရှား ကျော်ကြားသော ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ရမယ်၊ ဒီလူတွေနဲ့ ဖွဲ့စည်း နိုင်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့ပါသည်။

မြန်မာ့ စာပေစာနယ်ဇင်း လွပ်လပ်ခွင့်သည် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ခြံုကြည့်လိုက်လျှင် နိုင်ငံတကာမှ သတ်မှတ် ထားသော စံချိန် စံညွှန်းများနှင့် များစွာ ကွာဟမှု ရှိနေဆဲဖြစ်၍ လွပ်လပ်စွာ ရေးသား ဖော်ပြခွင့်ကို ပိတ်ပင်ထားဆဲ ဖြစ်သည်။

၂၀၁၂ ခုနှစ် မတ်လ (၁၆) ရက်နေ့တွင် ကျရောက်သည့် တံတားနီနေ့ အခမ်းအနားအား “တံတားနီနေ့” ဆိုသည့် အသုံး အနှုန်းအစား “ရန်ကုန် ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှု (၂၄) နှစ်မြောက် အခမ်းအနား ဟုသာ ရေးသားဖော် ပြသည့် ပြည်တွင်း မီဒီယာ အချို့လည်း ရှိခဲ့သည်။ ထိုသို့ ရေးသားခြင်း မှာလည်း စာပေ စိစစ်ရေးကို ရှောင်ကွင်း လိုခြင်းသာ ဖြစ်ကြောင်း အမည်မဖော်လိုသူ ပြည်တွင်း ဂျာနယ် တစ်စောင်မှ အယ်ဒီတာ တစ်ဦးက ပြောကြားခဲ့ပါသည်။

Most read this week