ဒဂုန်မြို့သစ်မှာ မြေမသိမ်းတော့ဟု တိုင်းဝန်ကြီးချုပ် ဆို

ဒဂုန်မြို့သစ်မှာ မြေမသိမ်းတော့ဟု တိုင်းဝန်ကြီးချုပ် ဆို
by -
မဇ္စျိမ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် မြေကွက်များကို သိမ်းတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောသည်။

ဧပြီလ ၂၅ ရက်နေ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးအပြီးတွင် သတင်းမီဒီယာ များအား ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့က သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှုး ဦးစီးမှူး အဆင့်ရှိတဲ့ အရာရှိတွေကို အဲဒီမှာ စာရင်းပြုစုစေ ပါတယ်။ စနစ်တကျ ဖြစ်အောင်တော့ လုပ်ပါမယ်။ ဒါပေမယ့် ဝန်ထမ်းတွေ မြေကွက်ပဲ ဖြစ်ဖြစ်၊ အိမ်ဆောက် ထားတာပဲဖြစ်ဖြစ် မသိမ်းတော့ပါဘူး။ ဒါကလည်း အစက အိုးအိမ်က လုပ်လိုက်တဲ့အတွက် ရှုတ်သွားတာပါ”ဟု ဦးမြင့်ဆွေ က ပြောသည်။

မတ်လ ရ ရက်နေ့က နိုင်ငံပိုင်မီဒီယာများမှတဆင့် ထုတ်ပြန်ချက်အရ အထူးစိုက်ပျိုးရေးဇုန် စီမံကိန်း အတွက် ဒဂုန်မြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ မြေတိုင်းအမှတ် ၁၁ ခုမှ မြေကွက်ပေါင်း ၈,၀၀၀ ကျော်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ သိမ်းမည်ဟု ပါရှိသည်။

“အခု လယ်ယာစိုက်ပျိုးရေးတွေ လုပ်နေတာကိုလည်း ရပ်ခိုင်းလိုက်ပြီ။ မသိမ်းပါဘူး။ အထောက််အထား ခိုင်ခိုင်လုံလုံနဲ့ ရှိနေတာကို ဒီအတိုင်းပဲ ထားမှာပါ။ ဘာမှ မလုပ်တော့ပါဘူး။ အခု လုပ်နေတဲ့ စိုက်ပျိုးရေးတွေ ရပ်နေပါပြီ” ဟု ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါ ပေ ၄၀ ပေ ၆၀ အိမ်ရာကွက်များကို ဖေါ်ကာ အငြိမ်းစား ဝန်ထမ်းများကို အစိုးရက ၁၉၉၈ ခုနှစ်က ကျပ် ၁၂,၀၀၀ နှုန်းဖြင့် မြို့သစ်အဖြစ် နေရာချထားပေးခြင်း ဖြစ်သည်။

ယခုအခါ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးစီးမှူး ရ ဦးက မှတ်တမ်းကောက်ထားသည့် စာရင်းများအရ အဆိုပါ
မြေကွက် အမှတ်များပေါ်တွင် အကွက်အလိုက် ကျူးကျော် နေထိုင်သော အိမ်အလုံးရေ ရ၂ လုံး၊ မြေဂရမ် ရရှိပြီးသား နေအိမ် တလုံး၊ မြေချပါမစ် အထောက်အထားဖြင့် တည်ဆောက်ထားသော နေအိမ် ၂၈၂ အိမ် စုစုပေါင်း ၃၅၅ အိမ် ရှိနေပြီဖြစ်ကြောင်း သိရသည်။

“ဝန်ထမ်းတွေထံက တဆင့် ဝယ်ပြီး အိမ်ဆောက်နေတဲ့ သူတွေလည်း ရှိတာပေါ့။ ဒါပေမယ့် အထောက် အထားတော့ ရှိရမယ်။ ဘာတွေ ဆက်လုပ်မလဲဆိုတာနဲ့ ဘယ်လို ညွှန်ကြားမယ်ဆိုတာ အစည်းအဝေး လုပ်ပါမယ်။ ပြီးရင် သက်ဆိုင်ရာ မြို့နယ်တွေကနေ အကြောင်းကြားပါမယ်။ ကျူးကျော်တွေကို ဘယ်လို လုပ်မယ် ဆိုတာလည်း အစည်းအဝေး လုပ်ရဦးမယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

သို့သော် သီးခြားစုံစမ်းလေ့လာမှုအရ အဆိုပါမြေကွက်များတွင် အိမ်ထောင်စုပေါင်း ၈,ဝ၇၉ စု နေထိုင် လျက်ရှိသည်ဟု အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က ပြောသည်။

အိုးအိမ်ဦးစီးဌာနမှ သိမ်းယူမည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ မတ်လ ၁၅ ရက်နေ့ လွှတ်တော်တွင် ဦးခိုင်မောင်ရည် က မေးခွန်းထုတ်ခဲ့သဖြင့် အထောက်အထားများဖြင့် ဖြစ်စဉ်အသေးစိတ်အား ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌက တောင်းခံ၍ ၈၈ မျိုးဆက် ကျောင်းသားများနှင့် အတူ မတ်လ ၁၇ ရက်နေ့က သွားရောက် တွေ့ဆုံ စုံစမ်းခဲ့ခြင်းဖြစ်သည်ဟု ဦးခိုင်မောင်ရည်က ပြောသည်။

Most read this week