ရပ်ကွက်အာဏာပိုင် နှင့် တရုတ်လောပန်းပူးပေါင်း ဒေသခံလယ်ယာမြေများအား အဓမ္မဝယ်ယူ

ရပ်ကွက်အာဏာပိုင် နှင့် တရုတ်လောပန်းပူးပေါင်း ဒေသခံလယ်ယာမြေများအား အဓမ္မဝယ်ယူ
by -
သျှမ်းသံတော်ဆင့်

တရုတ်စီးပွါးရေးလုပ်ငန်းရှင်များ နှင့်ပူးပေါင်းကာ ဒေသတွင်းနယ်မြေများအား အဓမ္မဝယ်ယူရန်ကြိုး စားနေ သော လားရှိုးမြို့ ရပ်ကွက် ၁၂  နယ်မြေ ၁၉ နယ်မြေမှူးကို ပယ်၍ နယ်မြေမှူးအသစ်ခန့်ရေးအတွက် ယမန်နေ့က ဒေသခံလူထုက ကျားဖြူပါတီထံ ဆွေး နွေးတိုင်ပင်အကူအညီတောင်းကြောင်း လားရှိုးမြို့ ကျားဖြူပါတီအသိုင်းအဝိုင်းကပြောသည်။

လားရှိုးမြို့တွင်းနှင့်မန်ဆူဘုရား
“ရပ်ကွက် ၁၂ - မန်ဆူရွာ၊ နယ်မြေ ၁၉   နယ်မြေမှူး ဦးစိုင်းအောင်ဘက တရုတ်စီးပွားရေးသမား တွေနဲ့ပေါင်းပြီး မြေနေရာ တွေကို ပိုင်ရှင်က ရောင်းချင်ချင် မရောင်းချင်ချင် အတင်း ဝယ်ယူနေတယ်၊   စိုင်းအိုက်မောင်ပိုင်တဲ့မြေနေရာကို မြေဂရံ အတုလုပ်ပြီး စိုင်းအိုက်မောင်ကို ပိုက်ဆံ ၂ သိန်းပေး ညှစ်ယူတယ်။   ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း စိုင်းအိုက်ကျော် ပိုင်တဲ့မြေကို ရ သိန်းပေးပြီး အတင်းရောင်းခိုင်းတယ်။ ခင်ဗျားတို့ တခြားနေရာသွားနေလိုက်ပေါ့ လို့တောင်ပြောတယ်။  သူက နယ်မြေမှူးလုပ်လာတာကြာပြီ၊ ဒါပေမယ့် နယ်မြေကောင်းစားရေး ဘာမှမလုပ်ခဲ့ဘူး” ဟု နယ်မြေ ၁၉ မှ ဒေသခံ အမျိုးသမီးတဦးကပြောသည်။

ထို့အပြင် နယ်မြေမှူးဦးစိုင်းအောင်ဘသည် မန်ဆူရွာ တိုးချဲ့မြေကွက်တွေကိုလည်း တရုတ်လောပန်းများထံ ရောင်းစား ကြောင်း အဆိုပါဒေသခံအမျိုးသမီး၏ပြောကြားချက်ကိုကိုးကား၍ လားရှိုးကျားဖြူပါတီဝင်များက ပြောသည်။ ယနေ့မနက်ပိုင်းတွင်လည်း မန်ဆူဒေသခံများ ကျားဖြူပါတီရုံးသို့ထပ်မံရောက်ရှိဆွေးနွေးခဲ့သည် ဟုဆို၏။

“ ကျနော်တို့ကျားဖြူပါတီအနေနဲ့ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီ စာတင်ဖို့ တိုက်တွန်းလိုက်တယ် ” ဟု ကျားဖြူပါတီဝင် လူငယ်တဦးကပြောသည်။

နယ်မြေမှူးဦးစိုင်းအောင်ဘသည် ရပ်ကွက် ၁၂ ဥက္ကဌဟောင်း ဦးစိုင်းမြင့်အေး၏တပည့်တဦးဖြစ်သဖြင့် ၎င်းနှင့်လည်း ပလဲနံပ သင့်ရာ ၎င်းတို့ နှစ်ဦးပေါင်း၍ ယခုနှစ်သင်္ကြန်ကာလ နယ်မြေ ၁၂ ဒေသခံများအား   တစ်အိမ်ထောင် ကျပ် တစ် ထောင် ကောက်ယူသည့်အပြင် ပြည်သူ့စစ်ကြေးအတွက် တစ်လ ငါးရာကျပ်လစဉ်ပေးဆောင်ရမည်ဟုလည်း အမိန့်ထုတ်ထား ကြောင်း ဒေသခံများ ကပြောသည်။ နယ်မြေ ၁၂ တွင် အိမ်ခြေ  ၁၅၀၀ ခန့်ရှိသည်။

“ ဆိုးတာက ဦးစိုင်းအောင်ဘဟာ စီးပွားရေးသမားတွေနဲ့ပေါင်းပြီး သူ့နယ်မြေထဲမှာ လောင်းကစားဝိုင်းထောင် တာ၊  ဖဲဝိုင်း ထောင်ထာတို့၊ ကြက်တိုက်ဝိုင်းထောင်တာတို့၊ တီဗီဂိမ်းရုံတွေဖွင့်တာ တွေရှိတယ်။ ဆိုတော့ ကျောင်းသားလေးတွေကျောင်း ပြေး၊ ပျက်စီးတော့တာပေါ့။ ကလေးတွေရဲ့ပညာရေးကို ထိခိုက်တယ်လေ။ နောက်ပြီး အမှတ် ၂ ရဲစခန်း  နယ်ထိန်း ဦးဇော် မင်းထွန်း ရဲ့ မိန်းမနဲ့ပေါင်းပြီး နယ်မြေထဲမှာ ပြည့်တန်ဆာ တွေကို ခွင့်ပြုတဲ့အတွက် လူငယ်တွေအများအပြား ပျက်စီးနေ တယ်။ နယ်မြေထဲမှာပဲ ပြည့်တန်ဆာအိမ် ၃-၄ အိမ်လောက်ရှိတယ်၊ နယ်မြေမှူးနဲ့ညှိပြီး ဖွင့်နေတာ ၂ နှစ်လောက်ရှိပြီ တဲ့” နယ်မြေသားတဦးကပြောကြောင်း လားရှိုးကျားဖြူပါတီဝင်များကပြောသည်။

အဆိုပါကိစ္စများကြောင့် အနာဂတ်အတွက်စိုးရိမ်ကြသည့် ဒေသခံများက ယခုလက်ရှိ နယ်မြေမှူးကိုဖြုတ်၍ နယ်မြေမှူး အသစ်တောင်းဆိုရန်အတွက် လားရှိုးမြို့ကျားဖြူပါတီရုံးခန်းသို့လာရောက်အကူအညီတောင်း ကြခြင်းဖြစ်ကြောင်း ကျားဖြူပါတီ အသိုင်းအဝိုင်းကပြောပါသည်။

Most read this week