အတိုက်အခံ မြန်မာကျောင်းသား လူငယ်များ ညီလာခံ

အတိုက်အခံ မြန်မာကျောင်းသား လူငယ်များ ညီလာခံ
by -
ရွှေဟင်္သာ

သတ္တမ အကြိမ်မြောက် မြန်မာ နိုင်ငံ ကျောင်းသား လူငယ်များ (SYCB) Students and Youth Congress of Burma ညီလာခံသည် ပြီးခဲသည့် ဧပြီလ (၁၉) ရက်နေ့တွင် ထိုင်းနိုင်ငံ တနေရာ၌ ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အဆိုပါ ညီလာခံသို့  တိုင်းရင်းသား လူမျိုး ပေါင်းစုံ လူငယ် အဖွဲ့အစည်း ပေါင်း (၁၂) ဖွဲ့မှ ကိုယ်စားလှယ် များနှင့် လေ့လာသူပေါင်း (၄၀) ဦး တက်ရောက် ခဲ့သည်ဟု တိုးတက်သော မွန်လူငယ်အဖွဲ့ MYPO မှဥက္ကဌ မိအာဲစွန်း က ဒီနေ့ထုတ်ဖေါ် ပြောကြား သွားပါသည်။

“မြန်မာနိုင်ငံ ကျောင်းသား လူငယ်များ အဖွဲ့ (SYCB) ဆိုတာ အတိုက်အခံ လူငယ်အဖွဲ့ပေါင်း (၁၅) ဖွဲ့မှ ပူးပေါင်း ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒီအဖွဲ့ဟာ ဒီနေ့ ကာလမှာ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ်မှာ လူမျိုးပေါင်းစုံ  ပြည်သူတို့ရဲ့ အကျိုး စီးပွားကို အကာအကွယ် ပေးသွားမဲ့၊ အာမခံနိုင်မဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား တန်းတူရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆို တဲ့စံအပေါ်မှာ ရှိမရှိ စောင့်ကြည့်ဖို့ အတွက် ရည်ရွယ်ဖွဲ့စည်းထားတာဖြစ် ပါတယ်။” ဟု ၄င်းကဆိုပါသည်။

ယခုမြင်တွေ့နေရသော ပြုပြင်ပြောင်းလဲမှုသည်၊ တိုင်းပြည်ဖွ့ံဖြိုး တိုးတက်ရေးကို အမှန်တကယ် ဖေါ်ဆောင်ပေး ခြင်းမရှိဘဲ ဦးသိန်းစိန် အစိုးရနှင့် စစ်အုပ်စုတို့၏ အာဏာ တည်မြဲရေးနှင့် ၄င်းတို့၏ အကျိုးစီးပွား ဆက်လက်ရှင် သန်ကြီးပွားရေး ကိုသာ ရှေ့ရှု့သည့် ပြောင်းလဲမှု ဖြစ်စဉ် အဆင့်၌သာ တည်ရှိနေပါကြောင်း ဧပြီလ (၂၁) ရက်နေ့၌ ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။

ယခုလက်ရှိ ဦးသိန်စိန် အစိုးရအပေါ် မည်ကဲ့သို့ သဘောထားသည်ကို မေးမြန်ရာမှာ SYCB ရပ်တည်ချက်များကို မိအာဲစွန်းက ယခုလို ပြောကြားသွားပါသည်။

 “(၂၀၀၈) ခုနှစ် ခြေခံဖွဲ့စည်းပုံဟာ ဦးသိန်းစိန်အစိုးရနှင့် စစ်အုပ်စုတို့ကို ကာကွယ်တဲ့  ဥပဒေ သက်သက်ဖြစ်တဲ့ အတွက် ကန့်ကွက်သွားမယ်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကိုလဲ အသိအမှတ်မပြုဘူး၊ ယခုကြားဖြတ် ရွေးကောက် ပွဲမှာ အနိုင်ရတဲ့ NLD လွှတ်တော် အမတ်တွေ ဟာလည်း အဲဒီဖွဲ့စည်းပုံကို ပြုပြင်နိုင်လိမ့်မယ်လို့ မယုံကြည်ဘူး”ဟု ပြောကြားခဲ့ပါသည်။

အနာဂတ် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် ကျောင်းသား လူငယ်များ၏ အခန်း ကဏ္ဍသည် အဓိ က ကျသည်ဟု ယူဆကြောင်း၊ ဤသို့ကြောင့် လူမျိုးပေါင်းစုံ ကျောင်းသား လူငယ်ထုများကို ဦးဆောင်မှု စွမ်းရည်မြှင့် တင်ရေးနှင့် အဖွဲ့အစည်း ခိုင်မာတောင့်တင်းရေး တို့ကို တည်ဆောက်ကြရန် ကွန်ဂရက်က ဦးစားပေးဆုံးဖြတ်ခဲ့ကြ ပါသည်။ ထိုမှတဆင့် ကျစ်လစ်ခိုင်မာသည့် မြန်မာကျောင်းသားလူငယ် အင်အားစုကြီး တရပ်ဖြစ်လာရန် ရည်ရွယ် ကြောင်း ညီလာခံက ဆုံးဖြတ်ခဲ့ကြပါသည်။

ဤရည်ရွယ်ချက်များကို အကောင်အထည် ဖေါ်ရန်အတွက် သဘာ ပတိအဖွဲ့ဝင် (၁၅) ဦး၊ အတွင်းရေးမှူး အဖွဲ့ဝင် (၃) ဦးနှင့် လုပ်ငန်း ကော်မတီများကို ဖွဲ့စည်းခဲ့ပါသည်။ SYBC အဖွဲ့ဝင်များမှာ-

    1. All Arakan Students and Youth Congress (AASYC)
    2. All Burma Students Democratic Front (ABSDF)
    3. All Kachin Students and Youth Union (AKSYU)
    4. Democratic Party for a New Society (DPNS)
    5. Kuki Students Democratic Front (KSDF)
    6. Karen Youth Organization (KYO)
    7. Mon Youth Progressive Organization (MYPO)
    8. National League for Democracy-Liberated Area (Youth)
    9. Pa O Youth Organization (PYO)
    10. Kayan New Generation Youth(KNGY)
    11. Tavoy Youth Organization (TYO)
    12. T’aung Student Youth Organization
    13. Arakan League for Democracy (Exile) Youth (ALD-Youth)
    14. Naga Youth Organization (NYO)
    15. Zomi Students and Youth Organization(ZSYO)

အဖွဲ့၏ ညီလာခံကို ၂၀၀၉ ခုနှစ်မှစပြီး (၃) နှစ်တကြိမ် ကျင်းပခဲ့ပါသည်။ အဖွဲ့၏ သဘာပတိ အဖွဲ့ဝင်များကို ပါ၀င်ဖွဲ့ စည်းထားသည့် လူငယ် အဖွဲ့အစည်း အသီးသီး၏ ဥက္ကဌများနှင့် စုဖွဲ့ထားပါသည်။ အတွင်းရေးမှူး အဖွဲ့ကိုလည်း ပါ ၀င်သော အဖွဲ့ အသီးသီးမှ ကိုယ်စားလှယ် တစ်ဦးစီပေးပြီး ထိုအထဲ၌ ဝှက်မဲ စနစ်ဖြင့် အတွင်းရေးမှူး အဖွဲ့ဝင် (၃) ဦး ကို ရွေးချယ်ကြပါသည်။  အကြံပေး ပုဂ္ဂိုလ်အဖွဲ့ (၅) ဦး ထားရှိပြီး ထိုအကြံပေး အဖွဲ့သည် အတွေ့အကြုံ ရှိသော ဝါ ရင့်နိုင်ငံရေး သမားများ ဖြစ်သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံ ကျောင်းသား လူငယ်များ (SYCB) အဖွဲ့ကို ၁၉၉၆ ခုနှစ်တွင် အိန္ဒိယ နိုင်ငံ အတွင်း၌ စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပြောင်းရွေ့ အခြေစိုက် ဖွဲ့စည်း ခဲ့ပါသည်။

Most read this week