၁၉၉ဝ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ AMDP တို့ ပူးပေါင်းကာ ပါတီသစ်တခုအဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်လျက် ရှိသည်ဟု နှစ်ဘက် ပါတီခေါင်းဆောင်များက မဇ္ဈိမကို ပြောသည်။
မွန်ပါတီနှစ်ခု ပေါင်းစည်းရန်မှာ မွန်သံဃာတော်များနှင့် မွန်လူထု၏ ဆန္ဒနှင့် တထပ်တည်းကျသည်ဟုလည်း AMDP ခေါင်းဆောင် နိုင်ငွေသိန်းက မဇ္ဈိမကို ပြောသည်။
“သံဃာတော်တွေရယ်၊ ပြည်သူတွေရယ်က ပေါင်းချင်တဲ့ဆန္ဒရှိကြတယ်။ နာမည် ပြောင်းမလား ပါတီသစ် အနေနဲ့ လုပ်ဖို့ပေါ့။ သူတို့နာမည်နဲ့လည်း မဟုတ်ဘူး၊ ကျနော်တို့ နာမည်နဲ့လည်း မဟုတ်ဘူး။ ကျနော် ကမ်းလှမ်းထားပြီး ဖြစ်ပါတယ်။ ကြားနာမည်တခု ဖြစ်လာလိမ့်မယ်။ အတတ်နိုင်ဆုံးတော့ ဖြစ်အောင်တော့ လုပ်မယ်” ဟု နိုင်ငွေသိန်းက ပြောသည်။
ပါတီနှစ်ခု ပူးပေါင်းကာ ပါတီသစ်အဖြစ် မှတ်ပုံတင်နိုင်ရန်အတွက် ဧပြီလ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၌ နှစ်ဘက် ပါတီများမှ ခေါင်းဆောင်များ၊ မွန်သံဃာတော် ရ၇ ပါးနှင့်အတူ တွေ့ဆုံဆွေးနွေးရန် ရှိသည်ဟု MNDF အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက မဇ္ဈိမကို ပြောသည်။
“ကျနော်တို့ ပေါင်းမယ်။ ပေါင်းပြီးတော့ ပါတီခေါင်းဆောင်တွေကို လျှို့ဝှက်မဲနဲ့ ပြန်ပြီးတော့ ရွေးပါမယ်။ ပြည်သူတွေ ဆန္ဒ၊ သံဃာတော်တွေဆန္ဒက ပေါင်းစေချင်တယ်ဆိုတော့ ကျနော်တို့က ဥပက္ခာပြုလို့ မရဘူးပေါ့” ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။
ပါတီသစ် မှတ်ပုံတင်ပြီးပါက “ကျနော်တို့ ပါတီထောင်ပြီးရင်တော့ NLD နဲ့ ညှိရမယ့် အပိုင်းတွေလည်း ရှိပါတယ်။ လွှတ်တော်ထဲ ဝင်သွားတဲ့အခါကျရင် ကျနော်တို့က NLD နဲ့ ဖက်လှဲတကင်းနဲ့ ဥပဒေပြုမှုအရာမှာ အများကြီး ထိရောက်မယ်လို့ ကျနော်ထင်ပါတယ်။ ၂ဝ၁၅ အတွက်ပဲပေါ့လေ၊ ကျနော်တို့ မှတ်ပုံပြန်တင်တာက” ဟု မဇ္ဈိမကို ပြောသည်။
MNDF တွင် ပါတီဥက္ကဋ္ဌအဖြစ် အသက် ၉ဝ အရွယ် နိုင်ငွေသိမ်းက တာဝန်ယူထားပြီး AMDP တွင်မူ အသက် ၆ဝ ကျော်အရွယ် နိုင်ငွေသိန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကြသည်။
MNDF သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် ၁၉ နေရာဝင်ပြိုင်ခဲ့ပြီး အမတ် ၅ နေရာတွင် အနိုင်ရရှိခဲ့သည်။ ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံရသည်။ AMDP ကမူ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ၃၄ နေရာဝင်ပြိုင်ခဲ့ပြီး ပြည်သူ့ လွှတ််တော်တွင် ၃ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော်တွင် ၉ နေရာဖြင့် စုစုပေါင်း ၁၆ နေရာ ရှိခဲ့သည်။
၁၉၉ဝ ရွေးကောက်ပွဲဝင်ပါတီတခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD သည်လည်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး ဧပြီလ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။
ယင်းအပြင် ၁၉၉ဝ ရွေးကောက်ပွဲဝင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD သည်လည်း မတ်လ ၁၆ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်သည်။