အသင်းခေါင်းဆောင်ဝိတ်ဖြင့် ကိုးကန့်တရုတ်အမျိုးသားများတယောက် မဲသုံးပြားထည့်

အသင်းခေါင်းဆောင်ဝိတ်ဖြင့် ကိုးကန့်တရုတ်အမျိုးသားများတယောက် မဲသုံးပြားထည့်
by -
သျှမ်းသံတော်ဆင့်

လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု၌ကိုးကန့်ယဉ်ကျေးမှုအသင်းခေါင်းဆောင်က မဲစာရင်း၌ပါပါ မပါပါ တယောက်လျှင် မဲ ၃ ချပ်စီခြစ်ခိုင်းနေသဖြင့် မဲရုံကိုယ်စားလှယ်များက မကျေမနပ်ဖြစ်ကြကြောင်း ကျားဖြူပါတီ၏ မဲရုံကိုယ်စားလှယ်များ ကပြောသည်။

ကိုးကန့်ပါတီ၏အလံနှင့် လိုဂို
“ မဲစာရင်းမှာနာမည်ပါပါ မပါပါ တွေ့သမျှကိုးကန့်တွေကို ခေါ်ပြီးမဲခြစ်ခိုင်းတယ်။ ပျှမ်းမျှတယောက်မဲ ၃ ပြားထည့်ခိုင်းတယ်။ ကျနော်တို့ကျားဖြူကကော NLD ကကိုယ်စားလှယ်တွေရောတွေ့တယ်။ အဲတာကို NLD က အပြင်း အထန်ကန့်ကွက်တယ်။ ကိုးကန့်ဥက္ကဌ ဦးလော်ရှင်းကွမ်းကိုယ်တိုင် မဲရုံရောက်လာတဲ့အထိဘဲ” - ဟု ဆို ကျားဖြူပါတီ ကိုယ်စား လှယ်များ၏အပြော ကို ကိုး ကား၍ စိုင်းလူက ပြောပြသည်။

နောင်မွန်အုပ်စု၌ မဲအစောင်ရေ ၂၀၀၀ အား ထိုသို့ခြစ်ပေးအပြီး မဲအစောင်ရေ ၄၈၃ စောင်သာ ကျန်ကြောင်း ကျားဖြူကိုယ် စားလှယ်များကပြောသည်။

“နေ့ခင်း ၁၁ နာရီခွဲလောက်ပေါ့။ ကိုးကန့်တွေကိုခေါ်ပြီး မဲခြစ်ခိုင်းတာက ကိုးကန့်ယဉ်ကျေးမှု အသင်းခေါင်း ဆောင် အားတီ လေ။ NLD က ဝင်ကန့်ကွက်တော့ စကားများကြရင်း သူတို့တို့အသင်း ဥက္ကဌလောရှင်းကွမ်း ကိုခေါ်လာပြီးဖြန်ဖြေ တဲ့အထိ ဖြစ်တယ်” စိုင်းလူကပြောသည်။

ရွေးကောက်ပွဲဥပဒေအရ ကိုယ်စားမဲထည့်ခြင်း၊ မသမာမဲထည့်ခြင်း၊ ဟန်ဆောင်မဲထည့်ခြင်းအား ထောင်ဒဏ်တနှစ်ဒဏ်ငွေ ကျပ်တသိန်းဒဏ်ချနိုင်ကြောင်းဖော်ပြထားသည်။

မဲဆန္ဒနယ်အမှတ် ၃  တွင် လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွန်လုံတို့ ပါဝင်ပြီး ကျားဖြူပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကြံ့ခိုင်ရေးပါတီ၊ လားဟူအမျိုးသားတိုးတက်ရေးပါတီနှင့် ကိုးကန့်ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

Most read this week