မီဒီယာ သမားများသည် အောက်ပါ ဥပဒေ ပုဒ်မ များကိုလည်း ကြိုတင်လေ့လာ သိရှိထားပြီး တိကျစွာ သတိပြု လိုက်နာကြရန် လိုအပ်သည်။
(က) ပုဒ်မ ၆၀။ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင် တစ်ဦးဦးအား နှောက်ယှက်ခြင်း။
(ခ) ပုဒ်မ ၆၁။ ရွေးကောက်ပွဲနေ့တွင် မဲရုံအတွင်းနှင့် မဲရုံမှ ကိုက် ၅၀၀ အတွင်း မဲဆွယ်ခြင်း၊ တစ်ဦး တစ်ယောက်ကို မဲပေးရန်၊ ဆန္ဒမဲမပေးဘဲနေရန် တိုက်တွန်းသွေးဆောင်ခြင်း။
(ဂ) ပုဒ်မ ၆၃။ ရွေးကောက်ပွဲနေ့တွင် မဲပေးချိန်အတွင်း မဲရုံမှူး၏ အမိန့်ကိုငြင်းဆန်ပြီး မဲရုံအတွင်းသို့ ၀င်ရောက်ခြင်း။
(ဃ) ပုဒ်မ ၆၄။ ရွေးကောက်ပွဲပြစ်မှုများကို မဟုတ်မမှန် စွပ်စွဲတိုင်တန်းခြင်း တို့ပါ၀င်သည်။
လုပ်ပိုင်ခွင့်နှင့်တာဝန်များ။
(က) မဲရုံအသီးသီး၌ မဲရုံပြင်ပ မြင်သာသောနေရာများမှနေ၍ လေ့လာသတင်းရယူနိုင်သည်။
(ခ) ဆန္ဒမဲပေးမှုများကို မဲရုံပြင်ပ မြင်သာသောနေရာများမှ လေ့လာသတင်းရယူနိုင်သည်။ (မဲရုံအတွင်း ၀င်ခွင့်မရှိပါ)
(ဂ) မီဒီယာ သမားများသည် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် အများပြည်သူတို့ကို လွတ်လပ်စွာ တွေ့ဆုံမေးမြန်း သတင်းရယူခွင့်ရှိသည်။ သို့သော် ဆန္ဒမဲပေးမှုကို အနှောက်အယှက် မဖြစ်စေရ။
(ဃ) မဲရေတွက်ခြင်းကို လေ့လာစောင့်ကြည့်ခွင့်ရှိသည်။ သို့သော် တာဝန်ရှိပုဂ္ဂိုလ်များ၏ တာဝန်ထမ်းဆောင်မှုကို အနှောက်အယှက်မဖြစ်စေရ။
(င) မဲရုံများတွင် လျှို့ဝှက် ဆန္ဒမဲပေးခြင်းကို အနှောက်အယှက်မပြုရ။
(စ) မီဒီယာများအနေဖြင့် ၀ါဒစွဲ၊ ပါတီစွဲကင်းပြီး ဘက်လိုက်မှုမရှိရန်လိုအပ်သည်။ နိုင်ငံရေးပါတီတစ်ခုအပေါ်ဖြစ်စေ။ ကိုယ်စားလှယ်လောင်းတစ်ဦးအပေါ်ဖြစ်စေ ထောက်ခံအားပေးခြင်း၊ ဆန့်ကျင်ကန့်ကွက်ခြင်း ပြုရာရောက်သည့် အပြုအမူမျိုးမပြုလုပ်ရ။
(ဆ) လုံခြံုရေးအရ မီဒီယာများအတွက် ပြန်ကြားရေး ၀န်ကြီးဌာနက စိစစ်ရေးကဒ်များ ထုတ်ပေးမည်။ ၎င်းကဒ်များကို မြင်သာသည့်နေရာတွင် ချိတ်ဆွဲထားပြီး လုံခြံုရေးတာဝန်ခံများက လိုအပ်ချက်အရ စစ်ဆေးမှုကို ကြည်ဖြူစွာ ခံယူကြရန်လိုအပ်သည်။
(ဇ) မီဒီယာများသည် ဆန္ဒမဲပေးခြင်းစတင်ချိန်မှ မဲပေးခြင်းပြီးဆုံး၍ မဲရေတွက်သည့်အချိန်အထိ လေ့လာနိုင်သည်။
(စျ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားလိုက်နာရန်နှင့် ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူများက ဥပဒေနှင့်အညီသတ်မှတ်ညွှန်ကြားသည့် စည်းကမ်းများကိုလိုက်နာရန် တာဝန်ရှိသည်။
(ည) သက်ဆိုင်ရာက ပြဋ္ဌာန်းထားသည့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို တိကျစွာလိုက်နာရမည်။
မဲရုံများအတွင်း တရားဝင် သတင်းယူခွင့်ရ ပြည်တွင်း သတင်းထောက်တစ်ဦး (ဓါတ်ပုံ - ဥက္ကာကိုကို Facebook မှ ကူးယူ ဖော်ပြပါသည်)
တားမြစ်ချက်များ
(က) နိုင်ငံရေးပါတီတစ်ခုကိုဖြစ်စေ၊ ကိုယ်စားလှယ်လောင်းတစ်ဦးကိုဖြစ်စေ၊ ထောက်ခံရန် သို့မဟုတ် ကန့်ကွက်ရန် တိုက်တွန်းရာရောက်သည့် ဆွေးနွေးမေးမြန်းမှုမျိုး လုံးဝမပြုလုပ်ရ။
(ခ) နိုင်ငံရေးပါတီတစ်ခုကိုဖြစ်စေ ကိုယ်စားလှယ်လောင်း တစ်ဦးကိုဖြစ်စေ ထောက်ခံ/ကန့်ကွက်ရာရောက်စေသည့် ၀တ်စားဆင်ယင်မှု၊ တံဆိပ်အမှတ်အသား/စာတမ်းအမှတ်အသား/သင်္ကေတ တစ်ခုခုကို အသုံးပြု၍ ဘက်လိုက်မှုမပြုရ။
(ဂ) ရွေးကောက်ပွဲတာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်/၀န်ထမ်းအသီးသီး၏ တာဝန်ထမ်းဆောင်မှုကို စွက်ဖက်နှောက်ယှက်ခြင်းမပြုရ။
(ဃ) ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း၊ စာရင်းဇယားများကိုခွင့်ပြုချက်မရှိဘဲ ကိုင်တွယ်ခြင်း ယူဆောင်ခြင်းမပြုရ။
(င) မဲဆန္ဒရှင်တစ်ဦးချင်း၏ လွတ်လပ်စွာလျှို့ဝှက်ဆန္ဒပေးခြင်းကို နှောက်ယှက်ခြင်းမပြုရ။
လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ အထက်ဖော်ပြပါလုပ်ပိုင်ခွင့်နှင့်တာဝန်များ၊ တားမြစ်ချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း၊ ချိုးဖောက်ခြင်းများရှိပါက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လေ့လာသတင်းရယူခွင့်ကို ရုပ်သိမ်းတားမြစ်သွားမည်။
ပြန်ကြားရေးဝန်ကြီးဌာန။