အားလုံးစည်းကမ်းလိုက်နာလျှင် ရွေးကောက်ပွဲ တရားမျှတမည်ဟု ကြံံ့ခိုင်ရေးပြော

အားလုံးစည်းကမ်းလိုက်နာလျှင် ရွေးကောက်ပွဲ တရားမျှတမည်ဟု ကြံံ့ခိုင်ရေးပြော
by -
ကေအိုင်စီ

နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ ချမှတ်ထားသည့် စည်းကမ်းများလိုက်နာကြလျှင် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ(USDP)က ပြောကြားသည်။

U_Aung_Thein_Linn-AFP
“လိုက်နာရမယ့် စည်းမျဉ်း၊စည်းကမ်းတွေကို အားလုံးလိုက်နာကြမယ်ဆိုရင်တော့ တရားမျှတမှာပါပဲ”ဟု USDP မှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက ပြောသည်။

မတ်လ ၃၀ရက်နေ့တွင် ပြုလုပ်ခဲ့သည့် NLD ပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုုကြည်မှ ကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိမည်မဟုတ်ကြောင်း ပြောကြားချက်ကို ဦးအောင်သိန်းလင်းက ယခုကဲ့သို့ တုန့်ပြန်လိုုက်ခြင်းဖြစ်သည်။

“ကျနော်တို့ မဲဆွယ်စည်းရုံးတဲ့အခါမှာ သူများ အနှောက်အယှက်မဖြစ်အောင် တခြားပါတီတွေလည်း မထိခိုက်အောင် မဲဆွယ်စည်းရုံးတဲ့ အတွက် ကျနော်တို့ကတော့ ဘာအဟန့်အတားမှ မရှိပါဘူး”ဟု ဦးအောင်သိန်းလင်းက ပြောသည်။

သို့သော် NLD ကမူ ပါတီ၏ မဲဆွယ်ပွဲခရီးစဉ်များ နှောက်ယှက်ခံရခြင်း၊ ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အား ပုတ်ခတ်ဝေဖန်ထားသည့်စာများ လိုက်လံဖြန့်ဝေမှုများရှိခဲ့ကြောင်း NLD မှ တာဝန်ရှိသူများက ပြောကြားသည်။

U_AungTheinLinn

ဧပြီ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကမ္ဘာမှ အထူး စိတ်ဝင်စားသည့် ရွေးကောက် ပွဲဖြစ်ပြီး နိုင်ငံတကာမှ ရွေး ကောက်ပွဲ လေ့လာသူများ စေလွှတ်ထားသည်။

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက ကော်မရှင်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကိုု တရားမျှတမှုရှိစေရန် စီစဉ်ထား ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်သည် ပြိုင်ဘက်ပါတီများအား ရည်ရွယ်သည်ဟုထင်ကြောင်း ပြောကြားသည်။

“နိုင်ငံခြားက လူတွေကိုလည်း ဒီမဲရုံကိုကြည့်ပါ၊ ဟိုမဲရုံကိုကြည့်ပါ မပြောဘူး။ သူတို့ အစီအစဉ်နဲ့သူတို့ ကြိုက်သလို သွားကြည့်နိုင်တယ်လို့ အန်ကယ်တို့က ပြောထားပြီးမှ တရားမမျှတရင် အဲဒီလူတွေကို အစကတည်းက ဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး”ဟု ဦးကိုကိုက ပြောသည်။