ရှမ်းမြောက်ပိုင်း ပေါက်ကွဲမှုများ ရွေးကောက်ပွဲ မထိခိုက်နိုင်

ရှမ်းမြောက်ပိုင်း ပေါက်ကွဲမှုများ ရွေးကောက်ပွဲ မထိခိုက်နိုင်
by -
နေမျိုး

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သော်လည်း တနင်္ဂနွေနေ့ ကြားဖြတ် ရွေးကောက်ပွဲများအား ဆက်လက်ကျင်းပသွားဖွယ် ရှိကြောင်း ရှမ်းပြည်နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။

ကြာသပတေးနေ့ နံနက်ပိုင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသာဦးနှင့် တွေ့ဆုံစဉ် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၃ တွင် ပါဝင်သည့် လားရှိုး၊ သိန္နီ၊ ကွန်လုံ၊ မိုင်းရယ်နှင့် တန့်ယန်းဒေသများ တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောဆိုကြောင်း လားရှိုး NLD လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းမြင့်မောင် က မဇ္စျိမကို ပြောသည်။

“ဒီနေ့မနက် ၉ နာရီမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့ဝင် ဦးသာဦးနဲ့ ကျနော်တို့ ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ် ၅ ဦး တွေ့တယ်ခင်ဗျ။ အဲလိုတွေ့တဲ့ အချိန်အထိ ပြောတာဆိုတာတွေကတော့ ရွေးကောက်ပွဲ နဲ့ ပါတ်သက်ပြီး အောင်အောင်မြင်မြင် ကျင်းပသွားနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောတာ သိရတယ်ခင်ဗျ” ဟု ဦးစိုင်းမြင့်မောင် က ပြောသည်။

သိန္နီ-မူဆယ် လမ်းမကြီးပေါ်ရှိ မြစ်ကူးတံတားနှင့် သိန္ဒီ-ကွန်လုံ တံတားတို့တွင် မတ်လ ၂၇ ညနှင့် ၂၈ ရက် မနက်လင်းအားကြီးများအချိန် ဗုံးပေါက်ကွဲမှုများကြောင့် ဒေသတွင်း ပြည်သူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ် နေကြောင်း သူက ပြောသည်။

“အခုလို ဗုံးတွေ ကွဲတဲ့အခါကျတော့ မဲရုံကို သူတို့ လာပါ့မလားပေါ့။ ဒါကတော့ ကျေးလက် တောရွာက လူတွေပေါ့။ အဲဒီလိုစဉ်းစားလို့ ရနိုင်တာပေါ့။ ဒါဟာ ရွေးကောက်ပွဲ မဖြစ်အောင် တမင်လှန့်တဲ့ သဘောများ ဖြစ်နေလားလို့ သုံးသပ်ချက်တွေ ရှိတယ်ဗျ” ဟု ဦးစိုင်းမြင့်မောင် က ပြောသည်။

နိုင်ငံပိုင် သတင်းစာများတွင်မူ အဆိုပါ ပေါက်ကွဲမှုများနှင့် ပတ်သက်၍ မည်သူက လုပ်ဆောင်ကြောင်းနှင့် ဘာကို ရည်ရွယ်လုပ်ဆောင်ကြောင်း ထုတ်ဖော်ကြေညာခြင်း မရှိသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အမျိုးသားလွှတ်တော် အမှတ် ၃ မဲဆန္ဒနယ်မြေ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ ၅ ခုရှိပြီး လူမျိုးစုံနေထိုင်သည့် ဒေသဖြစ်တာကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း ဦးစိုင်းမြင့်မောက် က ဆက်လက်ပြောပြသည်။

“သိန္နီ၊ မိုင်းရယ် ဘက်မှာတော့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP ကတော့ လူကြိုက်များတယ်ဗျ။ ကွမ်လုံမဲဆန္ဒနယ်ကတော့ ကြံ့ခိုင်ရေးက အုပ်အုပ်စီးစီး နေရာယူထားတာတွေ့တယ်။ သို့သော်လည်း အဲဒီမှာက ကိုးကန့်လူမျိုးလည်း များတယ်။ ကိုးကန့်၊ ကျားဖြူနဲ့ ကြံ့ခိုင်ရေးက အပြိုင်အဆိုင် ဖြစ်ကြမယ် ထင်တယ်ဗျ။ တန့်ယန်း မဲဆန္ဒနယ်ဘက်မှာက ‘ဝ’ တွေ ရှိတယ်ဗျ။ မြို့ပေါ်က အတော်လေး လူမျိုး စုံစုံလင်လင် ရှိတယ်ဗျ။ အမေစု ဒီကို လာတုန်းက ‘ဝ’ က ဒီမိုကရေစီစစ်စစ် ပါတီကို အားကိုးတယ်။ အမေစုကို အားကိုးတယ်လို့ ကြေညာထားတယ်ဗျ” ဟု ပြောသည်။

ပါဝင်တီယှဉ်ပြိုင်မည့်ပါတီများမှာ NLD၊ SNDP၊ ကြံ့ခိုင်ရေးပါတီ၊ လားဟူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေး ပါတီတို့ ဖြစ်ကြသည်။

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့်ဝန်ကြီးဦးအောင်မင်းခေါင်းဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ နှစ်ဘက် သဘောတူ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော်လည်း အမှတ် ၃ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အတွင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ကချင်ပြည်နယ်အတွင်းမှ ဗန်းမော်၊ မိုးကောင်းနှင့် ဖားကန့် မဲဆန္ဒနယ် ရွေးကောက်ပွဲများကိုမူ လုံခြံုရေး အခြေအနေ များကြောင့် ရွှေ့ဆိုင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၃ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။