မော်လမြိုင်တွင် မဲပေးခွင့်ရှိသူ လေးထောင်ခန့် တိုးလာ

မော်လမြိုင်တွင် မဲပေးခွင့်ရှိသူ လေးထောင်ခန့် တိုးလာ
by -
မဇ္စျိမ

ကြားဖြတ်ရွေးကောက်ပွဲဝင် ပါတီအချို့၏ တိုက်တွန်းချက်ဖြင့် မဲပေးခွင့် ဆုံးရှုံးနေသည့် မဲဆန္ဒရှင်များ၏ ပြန်လည် တင်ပြချက်ကြောင့် မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်၏ ဗုဒ္ဓဟူးနေ့ နောက်ဆုံး စာရင်းချုပ်ထုတ်ပြန်ချက်တွင် မဲစာရင်း လေးထောင်နီးပါး တိုးလာကြောင်း သိရသည်။

မြို့နယ်ကော်မရှင်၏ မတ်လ ရ ရက်နေ့ ထုတ်ပြန်ချက်တွင် မဲပေးနိုင်သူစာရင်း ၁၅၄, ၃၅၃ သာ ရှိသော်လည်း ပြန်လည် စိစစ်ပြီးနောက် တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တွင် ၁၅၈, ၂၁၉ ဦး ရှိကြောင်း ကြားဖြတ်ရွေးကောက်ပွဲ ဝင် ပါတီများက မဇ္စျိမကို ပြောသည်။

“ကျနော်တို့မှာ ရှိတဲ့စာရင်းတွေနဲ့ တိုက်ပြီး ကာယကံရှင်တွေကို သွားပြောတာ။ ခင်ဗျားတို့ စာရင်းတွေ မပါပါဘူး။ ကာယကံရှင်တွေက ကော်မရှင်ရုံးမှာ သွားပြောတာ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ မွန်ပြည်နယ် ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုဇော်က ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ မဲအောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ နိုင်အောင်ချမ်းကလည်း “ရွာတွေမှာ ဆို မဲပေးနိုင်တဲ့လူ ငါးယောက်လောက် ရှိရင် သုံးယောက်လောက်ပဲ စာရင်းထဲမှာ ပါတယ်။ မဲထည့်ချင်တဲ့ သူတွေကလည်း ကျနော်တို့ကို လာပြောတယ်။ ကျနော်တို့က ရပ်ကွက်ထဲ ရွာထဲ ဆင်းပြီး ပြောတယ်။ ဒါနဲ့ လွဲနေတဲ့ စာရင်းတွေကို ကော်မရှင်က ပြန်လုပ်ပေးတယ်” ဟု ပြောသည်။

ကျေးရွာနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့က မဲစာရင်းကို ထိန်ချန်ထားသည်ဟု သူက ဆိုသော်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၀ ရွေးကောက်ပွဲထက် များစွာ အဆင်ပြေ ချောမွေ့လာသည်ဟု နိုင်အောင်ချမ်းက ဆိုသည်။

မဲပေးပိုင်ခွင့်စာရင်းတွင် မပါဝင်သူများသည် မဲပေးခွင့်ရရန်အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ထံ သို့ နိုင်ငံသား စိစစ်ရေးကဒ်ပြားနှင့်တကွ သန်းခေါင်စာရင်းကို တင်ပြရသည်။

ယခု ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းသည် ပြီးပြည့်စုံသည့် စာရင်း မဟုတ်ဘဲ လွဲမှားမှုများ ရှိသေးသော်လည်း မိမိတို့ ပါတီအနေနှင့် အချိန်မရှိတော့သည့်အတွက် ပြင်ဆင်ရန် မဖြစ်နိုင်တော့ကြောင်း နိုင်အောင်ချမ်းက ပြောသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်လုပ်ကိုင်နေသော မွန်ပြည်နယ်မှ မြန်မာနိုင်ငံသား ငါးသိန်းကျော် ရှိပြီး ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ထားသူ သုံးသိန်းခန့် ရှိကာ မော်လမြိုင်မြို့နယ်မှ တသောင်းကျော် ပါဝင်ကြောင်း ရာမည အလုပ်သမား သမဂ္ဂမှ ဒါရိုက်တာ နိုင်ကောင်းတလရွတ် က ပြောသည်။

တသောင်းကျော်ရှိသည့် အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများမှာ မော်လမြိုင်မြို့ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့် မရှိကြောင်း သူက ပြောသည်။

မွန်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်သည့်နေရာ တနေရာသာ ရှိပြီး ၎င်းမှာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဖြစ်သွားသည့် ကြံ့ခိုင်ရေးပါတီမှ ဦးအေးမြင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ဖြစ်သည်။

ထိုနေရာတွင် NLD မှ ဒေါ်ခင်ဌေးကြွယ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါ်မြင့်မြင့်ဝေ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ ဦးအောင်သန်းဦးနှင့် ကြံ့ခိုင်ရေးပါတီမှ ဦးတင်စိုးမိုးနိုင်တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Most read this week