RCSS/SSA ရင်း ရ၀၁ တပ်ဖွဲ့ဝင်တစ်ဦး တရုတ်နယ်စပ်အနီး သေနတ်မှန်သေဆုံး

RCSS/SSA ရင်း ရ၀၁ တပ်ဖွဲ့ဝင်တစ်ဦး တရုတ်နယ်စပ်အနီး သေနတ်မှန်သေဆုံး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မန့်ဟျိုးမြို့နယ်ခွဲ နောင်မကျေးရွာ အခြေစိုက် RCSS/SSA ရင်း ရ၀၁ အဖွဲ့မှ တပ်ဖွဲ့ဝင် ဟု ယူဆရသူတစ်ဦး ယမန်နေ့ညပိုင်းက တရုတ် - မြန်မာနယ်စပ် တရုတ်ပိုင် မန်အိုင်ရွာ အနီးတွင် သေနတ်ထိမှန် ဒဏ်ရာ ဖြင့် သေဆုံး နေကြောင်း သိရသည်။

RCSS-SSA

အဆိုပါ သေဆုံးသူမှာ ရ၀၁ တပ်ရင်းမှ တပ်သားအဆင့်ရှိ စိုင်းငွေ ဆိုသူဖြစ်ပြီး နမ့်ခမ်းမြို့နယ် မုံးဝီးရွာဒေသခံ တစ်ဦးဖြစ်ကြောင်း၊ တရုတ်နယ်စပ်ဒေသခံများ အပြောကို ကိုးကား၍ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဖြစ်တာက တရုတ်ဘက်ခြမ်းမှာ၊ သေနတ်မှန်ပြီးလမ်းပေါ်မှာသေနေတာ၊ တရုတ်ရဲတွေက အကပ်မခံဘူး၊ သူတို့က သစ်ကားတွေ အခွန်ကောက်တဲ့အဖွဲ့လို့ သိရတယ်၊ ဟိုတစ်လောက သစ်ကားတွေမှာ အခွန်ကောက် ပြီး အဝေမတည့်လို့ သူတို့အချင်းချင်း လုပ်ကြံလိုက်တာလို့လည်းပြောနေကြတယ် ” ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ခေါ် RCSS/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးလောဝ်ဆိုင်ကတော့ ‘ဒေသအတွင်းလှုပ်ရှားတဲ့ တာဝန်ရှိသူတွေက ဌာနချုပ်ကို တင်ပြလာတာဘာမှ မရှိသေးဘူး၊ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုလို့မရသေးဘူး၊ ကျနော်တို့ဘက်ကလဲ စုံစမ်းနေဆဲပါ’ - ဟု ပြောပါသည်။

ယခုလ ၂၄ ရက်နေ့ ည ၆ : ၃၀ နာရီခန့်ကလည်း နမ့်ခမ်းမြို့နယ် မိုခမ်းရပ်ကွက်၌ နေထိုင်သူ အသက် ၃၅ နှစ် အရွယ် အမျိုးသား တစ်ဦးအား အမည်မသိသေနတ်သမားများက လုပ်ကြံပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

Most read this week