မြန်မာ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်မှာ တလတာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အကျဉ်းချ ခံထားရ သည့် ပါတီဝင် ရဲဘော်များ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း မွန်ပြည်သစ်ပါတီ က ပြောသည်။
ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် သုံးကြိမ်တိုင် တွေ့ဆုံဆွေးနွေးမှုတိုင်း၌ မွန်ပြည်သစ်ပါတီဘက်က ၎င်းတို့ ရဲဘော်များကို လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း အစိုးရမှ ယခုချိန်အထိ ပြန်လည်လွှတ်မပေး သေးကြောင်း မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် နိုင်ရောစ က ပြောသည်။
“ဗဟိုအဆင့်နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးတုန်းကလည်း နိုင်ယက္ခ၊ နိုင်မျိုးသွေး အပါအဝင် အကျဉ်းချ ခံထားရတဲ့ ကျနော်တို့ ရဲဘော်တွေကို လွှတ်ပေးဖို့ ကျနော်ကိုယ်တိုင် ဝန်ကြီး ဦးအောင်မင်းကို တင်ပြထားပါတယ်။ ဦးအောင်မင်းကလည်း ဖြစ်အောင် လုပ်ပေးပါ့မယ်လို့ ကျနော်တို့ကို ပြောထားတယ်” ဟု လွန်ခဲ့သည့် သီတင်းပတ်က ထိုင်းနိုင်ငံ စံခလပူရီသို့ ရောက်ရှိစဉ် မဇ္စျိမကို ပြောကြားခဲ့သည်။
မွန်ပြည်သစ်ပါတီအနေဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ ကန်ချပူရီခရိုင် စံခလပူရီမြို့၌ တကြိမ်၊ မော်လမြိုင်မြို့၌ပြည်နယ် အဆင့်နှင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တကြိမ်၊ ပြည်ထောင်စုအဆင့်နှင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး
ဖြစ်သည်။
ပြည်နယ်အဆင့်နှင့် ပဏာမ ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးစဉ်ကလည်း “မွန်ပြည်သစ်အနေနှင့် အပစ်အခတ် ရပ်စဲပြီး တရားဝင် ရပ်တည်ပါက အကျဉ်းကျ ခံနေရသည့် မွန်ပြည်သစ် ရဲဘော်များ အလိုအလျောက် လွတ်မြောက် လာမည် ဖြစ်ကြောင်း” ဦးအောင်မင်း၏ ပြောဆိုချက်ကို ကိုးကားပြီး မွန်ပြည်သစ် ငြိမ်းချမ်းရေး အကျိုးဆောင် နိုင်စိုးမြင့် ကလည်း ပြောကြားခဲ့သည်။
၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ ကန်ချပူရီခရိုင် စံခလပူရီမြို့၌ ပဏာမဆွေးနွေးစဉ်က လည်း သမ္မတ ဦးသိန်းစိန်၏ အထူးကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်းက “မြန်မာအစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသား များနှင့် တိုင်းရင်းသား ခေါင်းဆောင်များကို လွှတ်ပေးရန် အစီအစဉ် ရှိကြောင်းနှင့် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့နှင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့များတွင် စောင့်ကြည့်စေလိုကြောင်း” ဆွေးနွေးပွဲတွင် ပြောကြားသွားသည်ဟု မွန်ပြည်သစ် အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
အစိုးရအနေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်တွင် အကျဉ်းကျခံနေရသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များမှ ရဲဘော်များကို လွှတ်ပေးခြင်းသည် ယုံကြည်မှု တည်ဆောက်ရန် ကောင်းမွန်သည့် လုပ်ရပ်ဖြစ်သည့် အတွက် အပစ်အခတ် ရပ်စဲပြီး ဖြစ်သည့် မိမိတို့ ပါတီမှ ရဲဘော်များကိုလည်း လွှတ်ပေးသင့်ကြောင်း မွန်ပြည် သစ်၏ မဟာမိတ်နှင့့့် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာပိန်ခိုင်းက ပြောသည်။
“ဟိုတနေ့ကပဲ ဖဒိုမန်းငြိမ်းမောင်ကို လွှတ်ပေးတဲ့အတွက် ကျနော်တို့ သိပ်ဝမ်းသာတယ်။ ဒါဟာ ငြိမ်းချမ်းရေး အတွက်ကောင်းတဲ့ လုပ်ရပ်ပဲ။ ထို့အတူ ကျနော်တို့ ပါတီက ရဲဘော်တွေကိုလည်း လွှတ်ပေးသင့်တယ်။ ဒီ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီအကြောင်းကို ကျနော်တို့ ထပ်ပြီး တင်ပြဖို့ ရှိတယ်” ဟု သူက ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်မှာ အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်း ကျခံနေရစဉ် သမ္မတ၏ ညွှန်ကြားမှုဖြင့် တနင်္လာနေ့တွင် ပြန်လည် လွှတ်ပေးခဲ့သည်။
မွန်ပြည်သစ်မှ အကျဉ်းကျခံနေရသူများအနက် တသက်တကျွန်း ကျခံနေရသည့် နိုင်ယက္ခနှင့် နိုင်မျိုးသွေးမှာ ထင်ရှားသူများ ဖြစ်သည်။ ၎င်းတို့နှစ်ဦးနှင့် အခြား ငါးဦးကို လမ်းပြကြယ်အဖွဲ့မှ ရှေ့နေ ဦးအေးမြင့်၊ Eleven အားကစားဂျာနယ် အယ်ဒီတာ ကိုဇော်သက်ထွေးနှင့်အတူ ယခင် နအဖ စစ်အစိုးရက ၂ဝဝ၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှုဖြင့် ၂ဝဝ၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် သေဒဏ် စီရင်ခြင်း ခံခဲ့ရသော်လည်း အယူခံဝင်ရာမှ ထောင်ဒဏ် တသက်တကျွန်းသို့ ပြစ်ဒဏ် လျှော့ချပေးခဲ့သည်။
ကျန်သူများ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ၎င်းတို့နှစ်ဦးကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
နိုင်ယက္ခ ကို အင်းစိန်ထောင်တွင် ဆက်လက် ချုပ်နှောင်ထားဆဲ ဖြစ်ပြီး၊ နိုင်မျိုးသွေးကို လွန်ခဲ့သည့် ၂ဝဝ၉ ခုနှစ်တွင် အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရတို့ ဖေဖော်ဝါရီလ ၂၅ ရက် သဘောတူညီချက်အရ အပစ်အခတ် ရပ်စဲပြီး ၄၅ ရက်အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။