ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာများ ကော့မှူးတွင် ဖြန့်သွား

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည့် စာများ ကော့မှူးတွင် ဖြန့်သွား
by -
မဇ္ဈိမ

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စာများ ကော့မှူးမြို့တွင် ပျံ့နှံ့နေသည်ဟု NLD က ပြောသည်။

‘မောင်ပြောက်ကျား’၊ ‘ကော့မှူးမောင်လုပ်သား’ဆိုသော အမည်ပါရှိသည့် A4 အရွယ် လက်ကမ်းစာစောင်များကို ဒလ-ကော့မှူး ကားလမ်းတလျှောက် အမည်မသိသူများက တနင်္လာနေ့ညပိုင်းတွင် ဖြန့်ကျဲသွားခြင်း ဖြစ်သည်ဟု ဒေသခံများ အပြောအရ သိရသည်။

ထိုစာများထဲတွင် အရွယ်မရောက်သေးသည့် ကလေးများကို NLD အကျႌ ဝတ်စေခြင်း၊ ဒေါင်းတံဆိပ် နဖူးစည်းတပ်ကာ လိုက်ခိုင်းခြင်း စသည်ဖြင့် စွပ်စွဲ ရေးသားထားကြောင်း ကော့မှူးမြို့နယ် NLD အောင်နိုင်ရေး ကော်မတီ တာဝန်ရှိသူ ဦးမြင့်သိန်းက ပြောသည်။

“စာထဲမှာ အရင်ကဆိုရင် ရေနံထွက်မယ့်နေရာ ငှက်အော်စန်း ဘက်ကနေ သရက်တောထိ လမ်းဖောက်ပေးဖို့ အစိုးရက ရည်ရွယ်ချက် ရှိတယ်။ အဲဒီမှာ စက်ရုံတွေလည်း တည်ထောင်မှာ။ အဲဒါတွေ အားလုံး ဒေါ်စုက စီးပွားရေး ပိတ်ဆို့လို့ ကော့မှူးမြို့ ဖွံ့ဖြိုးရေး မလုပ်နိုင်တာတွေ၊ အလုပ်လက်မဲ့ များသွားတာတွေ တကယ်တမ်းတော့ ဒေါ်စုမှာ တာဝန်ရှိတယ် ဆိုတာတွေ အဓိကထား ရေးထားတယ်” ဟု မဇ္စျိမကို ပြောသည်။

အဆိုပါစာများထဲတွင် NLD ပါတီအနိုင်ရပါက နိုင်ငံခြားတိုင်းပြည်များ ဝင်ရောက် ခြယ်လှယ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရုပ်သေးရုပ်သာ ဖြစ်လိမ့်မည်ဟုလည်း ရေးသားထားကြောင်း ဦးမြင့်သိန်းက ပြောပြသည်။

ယင်းသို့ ပုတ်ခတ်မှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်ထံ လာရောက်တိုင်ကြားပါက စိစစ်၍ ဥပဒေအရ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇ္စျိမကို ပြောသည်။

“ဒါ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တယ်ဆိုတော့ တချို့ကလည်း ရဲစခန်းကို တိုင်တယ်လို့ ကြားသိရတယ်။ အန်ကယ်တို့ကို လာတိုင်ရင်တော့ စိစစ်ပေးပါ့မယ်။ စိစစ်ပြီးတော့ ပြည်ထာင်စုကော်မရှင်ကို တိုင်ကြားပေးမယ်။ ဥပဒေအရ ဆောင်ရွက်ပေးမှာပါ”ဟု ပြောသည်။

နိုင်ငံပိုင် သတင်းစာများတွင် ‘ငါးမင်းဆွေ’ ကလောင်အမည်ဖြင့် ဆောင်းပါးများ ရေးသားသော ဦးမင်းဆွေက ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ မိမိအမှားကို ဝန်ခံရမည် ဟု ရေးသားထားသော စာများ သုံးခွတွင် ဖြန့်ဝေခဲ့သည့်အပေါ် NLD က သက်ဆိုင်ရာ ရဲစခန်းများအား အရေးယူ ဆောင်ရွက်ပေးရန် တိုင်ကြားခဲ့ရဖူးသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာဆန်းဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုမှုများ ရှိနေသဖြင့် NLD ဗဟို အောင်နိုင်ရေး အဖွဲ့က “လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးကို ထိခိုက်စေနိုင်ကြောင်း” တနင်္လာနေ့က ထုတ်ပြန်ထားသည်။

လောလောဆယ်တွင် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်း ကိုယ်တိုင် ပါတီစည်းရုံးရေး ဆင်းပေးနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း မတ်လ ၂၂ ရက်နေ့ နေလည် ၂ နာရီချိန်တွင် ရပ်ကွက်လူကြီးများနှင့် တွေ့ဆုံ ပြီးနောက် ညနေ ၄ နာရီတွင် ကော့မှူးမြို့ရှိ ဝိဇ္ဇောကျောင်းတိုက် ရှေ့ကွင်းပြင်တွင် စည်းရုံးရေး ဟောပြောမည် ဖြစ်သည်။

မဲပေးနိုင်သူ ဦးရေ ၈၇,၀၀၀ ဦးရှိသည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD မှ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ စိုးမင်း၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး မဲရုံပေါင်း ၁၂၉ ရုံ ရှိသည်။

Most read this week