ဦးအောင်သောင်းပေးထားသည့် ကတိအတိုင်းမလုပ်သေးဟု SSPP/SSA ဝေဖန်

ဦးအောင်သောင်းပေးထားသည့် ကတိအတိုင်းမလုပ်သေးဟု SSPP/SSA ဝေဖန်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် SSPP/SSA နှင့် မြန်မာအစိုးရတို့ တောင်ကြီးမြို့၌ ပဏာမအဆင့် ရောပြည်ထောင်စု အဆင့်ပါ သဘောတူညီချက်လက်မှတ်ရေးထိုးစဉ် ဦးအောင်သောင်း က ‘လက်မှတ် ရေးထိုးပြီး ၅ ရက်ထက်မလွန် စေဘဲ တပ်များ ရုပ်သိမ်းပေးမည်ဟု’ ပြောဆိုမှုအပေါ် ယနေ့တိုင် လက်တွေ့မလုပ်ရသေး ကြောင်း ပြောပါသည်။

“တောင်ကြီးမှာ ကျနော်တို့ သဘာတူလက်မှတ်ရေးထိုးတာ မပြုလုပ်ခင်  ဦးအောင်သောင်းက ပြောတယ်။ အပစ်ရပ်တာ သဘောတူ လက်မှတ်ထိုးပြီးလို့ ၅ ရက်ထက်မလွန်စေဘဲ ခင်ဗျားတို့နယ်မြေထဲ တိုးချဲ့ အခြေချ၊ လှုပ်ရှားနေတဲ့ အစိုးရစစ်တပ်တွေ ရုပ်သိမ်းပေး ပါ့မယ်လို့ပြောတယ်။ ဒါပေမယ့် အခုချိန်ထိ ကတိအတိုင်းမလုပ် သေးဘူး ” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေ ဝမ့်ဟိုင်းဌာနချုပ် အနောက်မြောက်ဘက် နှင့် မြောက်ဘက် တလွှားရှိ နမ့်ပုတ်း တပ်စခန်း၊ နမ့်ကိုင်ဖိတ်၊ လွယ်ကုံ၊ လွယ်ကျိုင်း တပ်စခန်းတို့၌ တပ်မရုပ်သိမ်းသည့်အပြင် စစ်အင်အား၊ တပ်စခန်း တိုးချဲ့ မှုများပင် လုပ်ဆောင်နေကြောင်း၊ ထို့အပြင် ကျေးသီး - မိုင်းရှူး လမ်းပေါ် ရှိ ပန်ဝိုး တွင်လည်းကောင်း၊ မိုင်းနောင်၊ မိုင်းရှူးဘက်တွင် လည်း ကောင်း အစိုးရတပ်များ ရှိနေသေးကြောင်း ပြောပါသည်။

“အရင်က မိုင်းရယ်မြို့နယ် နမ့်ပုတ်းတပ်စခန်းမှာ တခွဲလောက်ပဲ ရှိတယ်။ အခုက တပ်ရင်းတရင်းမက ချထားတယ်။ ပန်ဝိုးဘက် မှာ ကောဘဲ။  အချက်အခြာမကျတဲ့ တပ်စခန်းတချို့တော့ ရုပ်ပါတယ်။ ကျနော်တို့ကို အစိုးရတပ် က ထိုးစစ်ဆင်တိုက်ခိုက်တဲ့ နောက်ပိုင်း မန္တလေး - လားရှိုးကားလမ်းမြောက်ဘက်ခြမ်း တပ်မဟာသုံးခုလောက်ရောက်လာတယ်။ သီပေါ ၊ ကျောက်မဲ အပြင် မိုးမိတ်၊ နမ့်ခမ်း ၊ မူစယ် ၊ကွတ်ခိုင်ဘက် လည်းရောက်တယ်။  ရောက်တဲ့အရပ်ဒေသမှာ နေထိုင်ဖို့ ကျနော်တို့ သဘောတူထားတဲ့ ကိစ္စဘဲလေ၊ ဒါပေမယ့်အပစ်ရပ်တဲ့နောက်ပိုင်း အဲဒီဘက်မှာလဲ တိုက်ပွဲ ၃ ကြိမ်လောက်ဖြစ်ပွားသေးတယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

နှစ်ဘက်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဒေသအတွင်းနေထိုင်သည့် လူထု ၃ သောင်းခွဲကျော် သည် နေရပ်မှ အသီးသီးစွန့်ခွာ ခဲ့ သည်။ အထက်တန်းကျောင်း နှစ်ခု မူလ နှင့် အလယ်တန်း ကျောင်းပေါင်း ၁၃ ခုကလည်း ၂၀၁၁-၁၂ ပညာသင်နှစ် လုံးဝ ရပ်နားခဲ့ရ သည်။ ယခု နှစ်ဘက်အပစ်ရပ်ပြီး ဒေသအတွင်းအခြေအနေ ကောင်းလာပြီဟု ဆိုသော်ငြားလည်း ဒေသခံလူထု တဝက်ခန့်သာ မိမိနေရပ် ပြန်လည်ရောက်ရှိနေထိုင်ခဲ့သည်။ နယ်စပ်ဘက်တိမ်းရှောင်သူများ နေရပ်သို့ ပြန်လည်အခြေချခြင်းလုံးဝ မရှိသေးပေ။

“ဖေဖေါ် ဝါရီ ရ ရက် သျှမ်းအမျိုးသားနေ့က ကျနော်တို့ လူထုကို ဖိတ်ခေါ်ပြီး အပစ်ရပ်ရတဲ့အခြေအနေကို ပြောပြတယ်။ ရှင်းပြ တယ်။ လူထု သုံးထောင်ကျော်တက်ရောက်တယ်။ စစ်ကြောင့်ထွက်ပြေးတဲ့လူထုတွေ အခုပြန်လာနေတာ ထက်ဝက်လောက်ဘဲ ရှိသေးတယ်။ တရုတ်ဘက်၊ ထိုင်းနယ်စပ်ဘက် ရောက်ရှိတဲ့သူတွေက ဝေးတာကြောင့်ရယ် ခရီးစရိတ်ကြီးတာကြောင့်ရယ်  ပြန်မလာနိုင်ကြဘူး” - ဟု ဆက်၍ ပြောပါသည်။

၂၀၀၈ နောင်းပိုင်းမှစ၍ ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းရန် စစ်အုပ်စုမှ ဖိအားပေးပြီးနောက် ပိုင်း သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ နှစ်ခြမ်းကွဲသွားခဲ့သည်။ ဉက္ကဌ ဗိုလ်ချုပ် လွယ်မောဝ်း နှင့် ဗိုလ်ချုပ်ကိုင်ဖှ ဦးဆောင်သော တပ်မဟာ ၃၊ တပ်မဟာ ရ နှင့် ဆိုင်ကျော့ဌာနချုပ် တပ်မဟာတို့ပြည်သူ့စစ် အသွင်ပြောင်းသွား၏။ ဝမ့်ဟိုင်းအခြေစိုက် ဗိုလ်ချုပ်ပန်ဖှဦးဆောင်သည့် တပ်မဟာသစ်မှာ SSPP/SSA အမည်ဆက်လက်ခံယူကာ အသွင်ပြောင်းရန်ငြင်းဆန်ခဲ့သောကြောင့် အစိုးရတပ်မှ ၂၀၁၁ မတ်ခ်ျ ၁၃ မှစ၍ ၎င်းတို့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ၆ လကျော်ကြာ နှစ်ဘက်တိုက်ခိုက်ကြပြီး ယခုနှစ် ဂျန္နဝါရီ ၂၈ ၌ ပြန်လည်အပစ် ရပ် ခဲ့သည်။

Most read this week