မိုးရာသီမရောက်မှီ သျှမ်းစစ်ပြေးဒုက္ခသည်များ နေရာအပြီးပြန်လည်ချထားရေးမဖြစ်နိုင်

မိုးရာသီမရောက်မှီ သျှမ်းစစ်ပြေးဒုက္ခသည်များ နေရာအပြီးပြန်လည်ချထားရေးမဖြစ်နိုင်
by -
သျှမ်းသံတော်ဆင့်

အပစ်ရပ်ပြီးသော်လည်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွါသူ တစ်သိန်းကျော်၏ ပြန်လည်နေရာချ ထားရေးအတွက် လည်း မမေ့သင့်ကြောင်း ဒုက္ခသည်များကူညီကယ်ဆယ်ရေးအဖွဲ့ပြောဆိုသတိပေး လိုက်ပါသည်။

သျှမ်းပြည်တွင်းမှ စစ်ပြေးဒုက္ခသည်တချို့
“အပစ်ရပ်ပြီဆိုပေမယ့်အခြေအနေက မယုံရသေးဘူး။ ဒီနေ့အိမ်ပြန်နိုင်ပေမယ့် မနက်ဖြန် ဒီဒုက္ခသည် စခန်းကို ပြန်လှည့် လာရမယ့်အခြေအနေကိုကြောက်တယ်”  ဟု ထိုင်းနိုင်ငံချင်းမိုင်မြို့အနေမြောက်ဖက် ၁၆၀ ကီလိုမီတာအကွာရှိ ကုန်းကျော် ဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးကပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းတွင်လည်း သျှမ်းပြည်မှလာသော စစ်ပြေးဒုက္ခသည် ၆၂၀ ခန့်ရှိကြောင်း ၎င်းကပြောသည်။

သျှမ်းပြည်တပ်မတော်နှင့် မြန်မာအစိုးရတပ်တို့ ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်က  ပဏာမအဆင့် အပစ်ရပ်ရေး သဘော တူညီချက် စတင်လက်မှတ် ထိုးခဲ့ပြီးနောက်ပိုင်းကနေ့အထိ နှစ်ဦးနှစ်ဘက် တိုက်ပွဲ ၁၃ ကြိမ်ထက် မနည်း ဖြစ်ပွါးခဲ့သည်။ လောလောလတ်လတ် မတ်ခ်ျ လ ၁၁ ရက်နေ့က လည်း သျှမ်းပြည်မြောက်ပိုင်း၌ တကြိမ် ၊ သံလွင်အရှေ့ခြမ်း၌တကြိမ် တိုက်ပွဲဖြစ်ပွါးခဲ့သည်။

သျှမ်းပြည်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောဝ်ဆိုင်ကလည်း“ ဟုတ်တယ်။ အရေးကြီးတာက ကျနော်တို့ ၁- ကျနော်တို့ ၂ ဦး ၂ ဖက်ကြား ဆွေးနွေးညှိနှိုင်းဖို့လိုနေသေးတယ်။ ၂- မြန်မာ့တပ်မတော်က အစိုးရရဲ့ညွှန်ကြားချက်ကို မနာခံဘူး။ ၃- ဒါကြောင့် SSA ကလဲ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အမြဲတမ်း အဆင်သင့် ပြင်ဆင်ထားရတာဖြစ်တယ်” ဟု ပြောပါသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ် (မီးရထားဝန်ကြီး) ဦးအောင်မင်းက စစ်ပြေးဒုက္ခသည်များအား ပြန်လည်နေရာချ ထားရေးအတွက် မိုးတွင်းမဝင်မှီ အပြီးသတ်လိုကြောင်းပြောဆိုသော်လည်း အဆိုပါကိစ္စ မဖြစ်နိုင်ကြောင်း သျှမ်းပြည်တပ်မတော်မှ တာဝန်ရှိသူတဦးကပြောသည်။

“ကျနော်တို့ ဟိုမိန်း-မိန်းထားဘက်ကို ပြောင်းရွှေ့အခြေချလို့ အဆင်ပြေပြီ နေရာသတ်မှစီစဉ်ပေးနိုင်ပြီ ဆိုတဲ့အချိန်မှ ဒီဒုက္ခ သည်တွေကိုနေရာချထားနိုင်မှာဖြစ်တယ်။တဖက်ကလဲ ဗမာ့တပ်မတော်နဲ့ညှိနှိုင်းပြီး အချိန်ယူဆောင်ရွက်ရမှာ ဖြစ်တဲ့ အတွက် မိုးရာသီပြီးမှဘဲ ဆောင်ရွက်နိုင် လိမ့်မယ်လို့ထင်တယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောပြသည်။

သျှမ်း-ထိုင်းနယ်စပ်၌ (နာမည်ကြီး ၊ အနေများသောနေရာ၌) အခြေချနေထိုင်သော ဒုက္ခသည်များမှာ ၈၀၀၀ ခန့်ရှိသည်ဟု သိရသည်။

၎င်းတို့မှာ -

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့်မျက်နှာချင်းဆိုင်ရှိ ကောင်းမုံမိန်းစခန်း၌
ထိုင်းနိုင်ငံ ပန်မဖနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်တိုင်းလျဲန်းစခန်း၌
ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်လမ်စခန်း၌
ထိုင်းနိုင်ငံ ဖှန်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ဆမ်ဆစ်စခန်း၌
ထိုင်းနိုင်ငံ မယ့်ဖှာ့လုံနှင့် မျက်နှာချင်းဆိုင်ရှိ လွယ်ကော်ဝမ်းစခန်း၌
ထိုင်းနိုင်ငံ ဝိန်းဟိုင်မြို့ရှိ ကုန်းကျော်ဒုက္ခသည်စခန်း၌
စုစုပေါင်း
၂၅၀
၂၃၀၀
၄၀၀
၁၅၀၀
၂၉၀၀
၆၂၀
၇၉၇၀ ဦးတို့ဖြစ်သည်။

သို့ရာတွင် ၂၀၁၁ ဂျွန်လ  TBBC က ထုတ်ပြန်သော ကြေငြာချက်အရ သျှမ်းပြည်နယ်၏ မိုင်းရှူး၊ ကျေးသီး၊ ကွန်ဟိန်း၊ မိုင်းကိုင်၊လဲချား၊ လွယ်လင်၊နမ့်ဇန်၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်၊ မိုင်းတုံ၊ မိုင်းဆတ် - စသည့် ၁၃ မြို့နယ်မှ အိုးမဲ့အိမ်မဲ့ ဒုက္ခသည် ၁၄၅,၆၀၀ ရှိသည်ဟုဆိုပါသည်။