နိုင်ငံအတွင်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံး လက်ရှိ ရရှိနေ သည့် လစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တလကို ကျပ်သုံးသောင်း ထပ်မံတိုးမြှင့်ပေးလိုက်သည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ နိုင်ငံပိုင် ရုပ်မြင်သံကြား MRTV-4 မှတဆင့် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ် ၁၀၀/၂၀၁၂ ဖြင့် ထုတ်ပြန်ကြေညာသည့် ကြေညာချက် တွင် “နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအား စားဝတ်နေရေး သက်သာ ချောင်လည်မှု ရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တဦးလျှင် တလ ကျပ် (သုံးသောင်းတိတိ) ခံစားခွင့် ပြုရန်” ဟု ဖေါ်ပြပါရှိသည်။
ယင်းအပြင် အစိုးရဌာန အသီးသီးတွင် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေကြသည့် လုပ်သားများ ကိုလည်း အလုပ်ချိန် တနေ့ ၈ နာရီအတွက် ယခင်က ကျပ် ၁၁၀၀ သတ်မှတ်ထားသော်လည်း ယခုတွင် ကျပ် ၂၁၀၀ သို့ တိုးမြှင့်ခံစားခွင့်ပြုသည်ဟု MRTV-4 မှ ထုတ်ပြန်ကြေညာသည်။
နိုင်ငံဝန်ထမ်းများနှင့် အစိုးရဌာန အသီးသီးတွင် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေကြသည့် လုပ်သားများ အနေဖြင့် အဆိုပါ လုပ်ခ၊ လစာ တိုးမြှင့်ပေးမှု အကျိုးခံစားခွင့်ကို ဧပြီလ (၁) ရက်နေ့မှ စတင်ခံစားကြရမည် ဖြစ်သည်။
ဝန်ထမ်းများ လစာတိုးမြှင့်ပေးရန် ဖေဖေါ်ဝါရီလအတွင်း ပြည်ထောင်စုလွှတ်တော်တွင် အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုတင်သွင်းခဲ့ပြီး သူ၏ အဆိုတွင် “အမှန်အတိုင်း ဝန်ခံပြောဆိုရမည်ဆိုလျှင် ယနေ့ တာဝန် ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိ ရရှိနေသော လုပ်ခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေ မရှိကြပါ။ အခြေခံ စားဝတ်နေရေး၊ လူမှုရေးအတွက် လောက်ငစွာ မရရှိပါ။” ဟု ထည့်သွင်း ပြောဆိုသွားသည်။
ထိုအခြေအနေများကြောင့် အစိုးရအနေဖြင့် သန့်ရှင်းသောအစိုးရ ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာနိုင်ရန် ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို ယခုဘဏ္ဍာရေး နှစ်အတွင်း မဖြစ်မနေ တိုးမြှင့်ပေးရန် ဦးရွှေမန်း၏ အဆိုပြုတင်သွင်းချက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။
ဦးရွှေမန်း၏ ဝန်ထမ်းများ လစာတိုးရေးအဆိုနှင့် ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းမှ နိုင်ငံ့လိုငွေ ပြလာနိုင်ခြင်း ငွေကြေးဖေါင်းပွမှု မြင့်လာနိုင်ခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်လာပြီး စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ငြင်းဆိုခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးက ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင်သာ ဝန်ထမ်းများ၏ လစာတိုးရေးကိုဆောင်ရွက်သင့်ပြီး ယခုနှစ်အတွင်း လူမှုရေးခက်ခဲသည့် မြို့နယ် ၈၅ မြို့နယ်မှ ဝန်ထမ်း ၃၇,၈၁၇ ဦးကိုသာ လစာတိုးပေးနိုင်မည် ဖြစ်ကြောင်း ဦးလှထွန်း က လွှတ်တော်အတွင်း ရှင်းလင်းခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီး၏ ငြင်းဆိုမှုအပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း လစာတိုးပေးရန် ဖေဖေါ်ဝါရီလ တွင် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ကာ အစိုးရသို့ ထပ်မံ တိုက်တွန်းခဲ့ပြန်သည်။
ယခုလ (၁) ရက်နေ့ အစိုးရ သက်တမ်း တနှစ်ပြည့် သမ္မတ၏ မိန့်ခွန်းတွင်လည်း နိုင်ငံဝန်ထမ်းများသည် တနိုင်ငံလုံး လူဦးရေ၏ ၃.၃ ရာခိုင်နှုန်းသာရှိသည့်အတွက် ကျန် ၉၆.၇ ရာခိုင်နှုန်းရှိသော သာမန် လက်လုပ်လက်စား ပြည်သူများ ကို ငဲ့ကွက်သင့်ကြောင်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးရေးနှင့် ပတ်သက်၍ ပြောဆိုသွားခဲ့သည်။
သမ္မတ၏ မိန့်ခွန်းတွင် “လစာတိုးပေးရေး ဆွေးနွေးမှုတွေကြောင့် အရပ်ရပ်ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာ ကိုလည်း တွေ့ရှိရပါတယ်။ ကျနော်တို့ ဝန်ထမ်းတွေ လစာတိုးမြှင့်ပေးလိုက်လို့ ခံစားရမယ့် အစိုးရဝန်ထမ်း မဟုတ်တဲ့ ၅၈ သန်းသော ပြည်သူတွေဟာ ဒီနောက်ဆက်တွဲ အကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြံုတွေ့ရမှာ ဖြစ်ပါတယ်။” ဟု ဦးရွှေမန်း၏ ဝန်ထမ်းလစာတိုးရေး အဆိုကို တုန့်ပြန်ပြောဆိုခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီး၏ ငြင်းဆိုမှုအပြင်၊ သမ္မတ၏ တုန့်ပြန်မှုအပြီး ၁၃ ရက်အကြာတွင် ဝန်ထမ်းများ လစာတိုးရေး ဦးရွှေမန်း၏အဆို ဗုဒ္ဓဟူးနေ့တွင် အကောင်အထည် ပေါ်လာခြင်း ဖြစ်သည်။