ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ကို ဧပြီလတွင် ပြန်လည် ဖွဲ့စည်းပြီး ၂ဝဝ၈ အခြေခံဥပဒေ ပြုပြင်ရေးနှင့် တန်းတူ အခွင့်အရေးများ အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္စျိမကို ပြောသည်။
“အမြင်သစ်၊ ရည်ရွယ်ချက် အသစ်နဲ့ သွားမယ်ဆိုတာ ဆုံးဖြတ်ပြီးပြီ။ လွှတ်တော် ပေါ်ပေါက်ရေး၊ ၉၀ ရလဒ် အကောင်အထည်ဖော်ရေး ဆိုတဲ့ ရည်ရွယ်ချက်တွေက လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့ဘူးလေ။ ပြောင်းလဲ ဖွဲ့စည်းတဲ့အခါမှာ ဘယ်သူတွေနဲ့ ဖွဲ့မလဲဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ အထူးသဖြင့် NLD နဲ့ အရင် CRPP အဖွဲ့မှာ ပါခဲ့တဲ့ တိုင်းရင်းသား ပါတီတွေနဲ့ ဖွဲ့ဖို့ရှိပါတယ်” ဟု ပြောသည်။
CRPP အား ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD နှင့် အခြား တိုင်းရင်းသားပါတီများမှ ပြည်သူ့လွှတ်တော် အမတ်များဖြင့် ၁၉၉၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အခြေအနေနှင့် လျော်ညီစွာ ဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း ဦးအေးသာအောင်က “အဓိကကတော့ ဒီမိုကရေစီ အခွင့်အရေးတွေ တိုးတက်ကောင်းမွန်လာဖို့၊ ပြည်တွင်းစစ် ရပ်စဲပြီးရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပြီးတော့ တန်းတူရည်တူ ပြည်ထောင်စု တည်ထောင်ဖို့ ဒီရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင် သွားပါမယ်” ဟု ပြောသည်။
အသစ်ပြန်လည် ဖွဲ့စည်းရာတွင် သင့်တော်မည့် အမည်သစ်တခုဖြင့် ပြောင်းလဲ ဖွဲ့စည်းရမည်ဟုလည်း CRPP
ကော်မတီဝင် ပူကျင့်ရှင်းထန် က ပြောသည်။
“ကျနော်တို့က CRPP လို့ ခေါ်လို့ မကောင်းတော့ဘူး။ နာမည်တမျိုး လုပ်မယ်။ ၉ဝ ရွေးကောက်ပွဲကတော့ အစိုးရအနေနဲ့ လုံးဝလက်မခံဘူးလေ။ ၂ဝ၁ဝ ရွှေးကောက်ပွဲတွေ လုပ်ပြီးတော့ လွှတ်တော်တွေ ဖွဲ့လိုက်တယ်ဆိုတော့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ဒီကဏ္ဍတော့ ကုန်သွားတယ်ဆိုတဲ့ သဘောမျိုး သူတို့လုပ်တယ်လေ။ ကျနော်တို့ အနေနဲ့လည်း အဲဒါကို ထပ်ထပ်လုပ်မယ့်အစား အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် ပုံစံတမျိုးပြောင်းပြီးတော့ လုပ်ရင် ကောင်းမလားလို့ပါ” ဟု မဇ္စျိမကို ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီးအမျိုးသား ကွန်ဂရက်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ စသည့် ပါတီများဖြင့် ဖွဲ့စည်းထားခဲ့သည့် CRPP သည် ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးအတွက် ၁၄ နှစ်ကြာ ကြိုးပမ်း ခဲ့သော်လည်း နအဖ အစိုးရမှ လိုက်လျောခဲ့ခြင်း မရှိပေ။