သမပိုင် စက်လှေ ဓားပြတိုက်ခံရ

သမပိုင် စက်လှေ ဓားပြတိုက်ခံရ
by -
ငြိမ်းချမ်း
ရခိုင်ပြည်နယ် မြို့နယ်များရှိ အစိုးရဝန်ထမ်း သက်သာဆိုင်များအတွက် စားသောက်ကုန်များ တင်ဆောင်လာသော စက်လှေတစီး ကို ဓားပြများက ပစ္စည်းယူကာ စက်လှေကို နှစ်မြုတ်ပစ်လိုက်ကြ ...

ဒါကာ (မဇ္ဈိမ)။      ။ ရခိုင်ပြည်နယ် မြို့နယ်များရှိ အစိုးရဝန်ထမ်း သက်သာဆိုင်များအတွက် စားသောက်ကုန်များ တင်ဆောင်လာသော စက်လှေတစီး ကို ဓားပြများက ပစ္စည်းယူကာ စက်လှေကို နှစ်မြုတ်ပစ်လိုက်ကြသည်။

ပြည်နယ်သမဝါယမပိုင် စက်လှေသည် ယခုလ ၁၃ ရက်နေ့က ပေါက်တောမြို့မှ ရသေ့တောင်သို့အသွား ကုလားတန် မြစ်ဝအရောက်တွင် ဓားပြတိုက်ခံရခြင်း ဖြစ်ပြီး စက်လှေပေါ်ပါ လုပ်သား ၆ ဦးကိုမူ ရေထဲခုန်ချခိုင်းခဲ့သည်။

 “ဖြစ်တာက နေဝင်ရီတရောအချိန်မှာ။ လှေပေါ်မှာပါတဲ့ ပစ္စည်းတွေကို ဓားပြတွေက သူတို့လှေပေါ် တင်ပြီး ယူသွားတယ်။ လူတွေကိုတော့ ရေထဲ ခုန်ချခိုင်းတယ်။ စက်လှေကိုတော့ ဝမ်းက ဖောက်ပြီး ရေထဲ မြှုပ်ပစ်လိုက်ကြတာ” ဟု ဘင်္ဂလားနယ်စပ်သို့ ရောက်ရှိလာသော ပေါက်တောမြို့ခံက မဇ္ဈိမကို ပြောသည်။

ရေထဲခုန်ချခဲ့သူ စက်လှေလုပ်သားများကို တံငါလှေများက ကယ်တင်လိုက်သဖြင့် အသေအပျောက် မရှိကြောင်း စုံစမ်းသိရှိရသည်။

စက်လှေပေါ်တွင် တင်ဆောင်လာသော ဆီ၊ သကြား၊ ဆပ်ပြာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ အစရှိသည့် စားသောက်ကုန်များကို ဓားပြများက ရသွားခဲ့သည်။

ယခုအခါ စစ်တွေမြို့အခြေစိုက် ခလရ ၂၀ မှ တပ်ဖွဲ့တဖွဲ့က လုံခြံုရေး တင်းကျပ်ထားပြီး၊ သွားလာနေသည့် စက်လှေများအား စစ်ဆေးလျှက်ရှိသည်ဟု မျက်မြင်သက်သေများက ပြောသည်။